ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ခိုးမှု ၃ မှုနှင့် ခိုးမှု(မသင်္ကာ) ၂ မှ ကျူးလွန်သူ တရားခံအမျိုးသား ၄ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ခိုးမှု ၃ မှုနှင့် ခိုးမှု(မသင်္ကာ) ၂ မှ ကျူးလွန်သူ တရားခံအမျိုးသား ၄ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / July 04, 2024

နေပြည်တော် ဇူလိုင် ၄
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၇၆၄)နေ ဦးဒွန်ထက်ရှိန်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်း ထည့်ထားသည့် ရွှေတုံး(၂)တုံးနှင့် ရွှေထည်ပစ္စည်းမျိုးစုံ(၃၁)မျိုး၊ မြန်မာကျပ်ငွေ (၈၁,၈၀၅,၅၀၀) ကျပ်တန်ဘိုးရှိ နိုင်ငံခြားသုံးငွေများ၊ စုစုပေါင်းတန်ဘိုးငွေ (၁၅၉,၈၁၅,၉ဝဝ) ကျပ်ခန့်ခိုးယူခံထားရကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် (ပ)၃၀၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးပြီး တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅၈)ရပ်ကွက်နေ ငရဲ(ခ)ထက်ဦး(၂၉)နှစ် (ဘ)ဦးစိုးအား ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊ မြစိမ်းကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့ ည ၆ နာရီခွဲတွင် လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ ပြည့်စုံ(ခ)ကုလား(၂၉)နှစ် (ဘ)ဦးဝင်းတင်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ SKY KTV တွင် ဇွန်လ ၁၅ ရက်နေ့ ည ၁၁ နာရီတွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများဖြစ်သည့် ငရဲ(ခ)ထက်ဦးနှင့် ပြည့်စုံ(ခ)ကုလားတို့၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀၀ တန် (၁၈၈)ရွက်၊ တိုင်ချက်မပါ နိုင်ငံအချို့မှ ငွေအကြွေစေ့မျိုးစုံ(၃၂)စေ့၊ တန်ဘိုးငွေ(၆၉)သိန်းကျပ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၆)မျိုး၊ အမေရိကန်ဒေါ်လာများအား ရောင်းချရရှိငွေများအနက်မှ ကျန်ရှိသည့် မြန်မာကျပ်ငွေ(၂၃၅)သိန်း ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံးတို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများနှင့် ၎င်းတို့၏ ခိုးရာပါသက်သေခံပစ္စည်းများအား ထုခွဲရောင်းချပေးသူ ဖမ်းဆီးရန်ကျန် တရားခံထွန်းထွန်းလင်း(စိစစ်ဆဲ)မှ ယူဆောင်ထွက်ပြေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
ဆက်လက်၍ ဖမ်းဆီးရမိတရားခံများအား အခြားပြစ်မှုများကျူးလွန်ထားရှိမှု ရှိ/မရှိ အသေးစိတ် ဆက်လက်စစ်ဆေးရာ တရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ဟိန်းထက်ဇော်(ခ)အသေးလေး တို့ ၃ ဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် အမှတ်(၇၈)ရပ်ကွက်၊ အိမ်အမှတ်(၆၄၀)မှ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဘိုးငွေ(၁၉၇)သိန်းကျပ်အား ခိုးယူခဲ့ကြောင်း၊ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ချစ်ကို(ခ)လက်ပွားတို့ ၃ ဦးသည် သာကေတမြို့နယ်၊ (၆/အနောက်)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၁၉၃/ခ)မှ ရွှေထည်ပစ္စည်းမျိုးစုံ တန်ဘိုးငွေ(၉,၅၃၅,၃၀၀)ကျပ်အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ပြစ်မှုကျူးလွန်၍ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်ကြသည့် ဟိန်းထက်ဇော်(ခ)အသေးလေးနှင့် ချစ်ကို(ခ)လက်ပွားတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆ဝ)ရပ်ကွက်နေ ဟိန်းထက်ဇော်(ခ)အသေးလေး(၂၃)နှစ် (ဘ)ဦးဇော်ဝင်းနှင့် ဒလမြို့ နယ်၊ တံတားကျောင်းကျေးရွာနေ ချစ်ကို(ခ)လက်ပွား(၂၂)နှစ် (ဘ)ဦးဖိုးချိုတို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမှု(၂)မှုမှသက်သေခံပစ္စည်း တန်ဘိုးငွေ(၂၆၁)သိန်းကျပ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅ ကျပ်သား ၁၁ ပဲအား ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလား၊ ချစ်ကို(ခ)လက်ပွားနှင့် ဟိန်းထက်ဇော် (ခ)အသေးလေးတို့ ၄ ဦးအား ဆက်လက်စစ်ဆေးရာ ၎င်းတို့ ၄ ဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်၊ အမှတ်(၇၇)ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ Vivo အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်းတစ်လုံးခိုးယူခဲ့ပြီး ဧပြီလအတွင်းတွင် အဆိုပါရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ(၃)လုံးခိုးယူခဲ့ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့ ၄ ဦးအား အမှုတစ်ခုချင်းစီအတွက် အမှုအသီးသီးထပ်မံဖွင့်လှစ်ခဲ့သည်။
ဖြစ်စဉ်တွင် ခိုးမှု ၃ မှု၊ ခိုးမှု(မသင်္ကာ) ၂ မှုတို့အား ဖော်ထုတ်နိုင်ခဲ့ပြီးအမှုများမှ ဖမ်းဆီးရမိ တရားခံငရဲ(ခ)ထက်ဦးပါ ၄ ဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သက်သေခံရွှေထည်ပစ္စည်း၊ ငွေကြေးများနှင့်အတူ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်တရားခံထွန်းထွန်းလင်းအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။