ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / November 18, 2024
နေပြည်တော် နိုဝင်ဘာ ၁၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်းတွင် လှမင်းထွန်းမောင်းနှင်ပြီး အကူယာဉ်မောင်း မြင့်သူစိုးနှင့် ယာဉ်နောက်လိုက် ဖြိုးကျော်ဇော(ခ)မိုးထက်မြင့်တို့ လိုက်ပါလာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စားသောက်ကုန်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ လိပ်ကုန်းကျေးရွာနေ ဖမ်းဆီးရမိယာဉ်ပိုင်ရှင်ဖြစ်သူ အောင်ခိုင်ထူးနှင့် ဇနီး မမိုးစံပယ်တို့၏ အစီအမံဖြင့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်အကျိုးအမြတ်များဖြင့် ဝယ်ယူပိုင်ဆိုင်ထားသည့် KING LONG အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ်တစ်စီးနှင့် HIGER အမျိုးအစားခရီးသည်တင်မှန်လုံယာဉ် တစ်စီးတို့အား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။