ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ YBS ယာဉ်လိုင်းများပေါ် အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ YBS ယာဉ်လိုင်းများပေါ် အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Nay Pyi Taw / May 24, 2025
၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်နေ ဦးစောလယ်ထူးကျော် (၄၅)နှစ် (ဘ)ဦးကျော်မြင့်သည် သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူး (၁၉)နှစ်နှင့်အတူ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်း မှတ်တိုင်မှ YGN-10 9P-XXXX YBS-58 ခရီးသည်တင် ယာဉ်ဖြင့်လိုက်ပါလာခဲ့ရာ ပန်းဘဲတန်းမြို့နယ် လမ်း(၃၀) အရောက်တွင် ဦးစောလယ်ထူးကျော်၏ ရင်ဘက်၌ ထားကာလွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့ ၎င်း၏ယာဘက်ဘေးမှ လိုက်ပါစီးနင်းလာသည့် အသက် (၃၅) နှစ်ခန့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)က ခါးပိုက်နှိုက်နေသည်ကိုတွေ့ရှိရသဖြင့် ဦးစောလယ်ထူးကျော်က တွန်းလိုက်ရာမှ အချင်းများကြပြီး ယာဉ်ပေါ်တွင်အသင့်လိုက်ပါလာသည့် ၎င်းအမျိုးသားနှင့် အပေါင်းအပါ ငါးဦးခန့်မှ ဦးစောလယ်ထူးကျော်နှင့် ၎င်း၏သားဖြစ်သူတို့ နှစ်ဦးအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း၊ ထို့နောက် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်း မှတ်တိုင်အရောက်၌ အဆိုပါအမျိုးသား ငါးဦးခန့် (စိစစ်ဆဲ)မှ ဦးစောလယ်ထူးကျော်နှင့် သားဖြစ်သူတို့အား ယာဉ်ပေါ်မှဆွဲချ၍ ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ကာ ဦးစောလယ်ထူးကျော်၏ ဘောင်းဘီအိတ်အတွင်းမှ Redmi 9A အမျိုးအစား လက်ကိုင် ဖုန်းတစ်လုံးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်း(ပ)၅၂/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉(နှိုက်)/၃၂၃/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်အတွင်းနေထိုင်သော ယခင်ခါးပိုက်နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူများဖြစ်ကြောင်းသိရှိရသဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေသူများဖြစ်သည့် အောင်ကိုလတ် (၄၂)နှစ် (ဘ) ဦးဝင်းမြင့်၊ ဝေဖြိုးအောင်(ခ) ဝေဖြိုး (၃၀)နှစ် (ဘ) ဦးတင်စိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ (၂၂)နှစ် (ဘ)ဦးသန့်ဇော်ထွေး၊ ဇော်ဇော်လွင် (ခ) ဘိုဘို(၃၃)နှစ် (ဘ)ဦးကြည်လွင်၊ ကျော်နိုင်ဦး (ခ) ကျန်ကျောင်း (၂၇)နှစ် (ဘ)ဦးလှဦးတို့ ငါးဦးအား မေ ၂၁ ရက် မွန်းလွဲ ၄ နာရီခန့်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေ အောင်မိုး(ခ) လှမြိုင်(ခ) တည်ကြီးမှ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ မေ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တံတားမြို့နယ်အတွင်း YBS-58 ယာဉ်ပေါ် ဦးစောလယ်ထူးကျော်၏ ကျောပိုးအိတ်အတွင်းမှ ဖုန်းအား အောင်မိုး(ခ) လှမြိုင်(ခ) တည်ကြီးမှ ခါးပိုက်နှိုက်နေစဉ် အောင်ကိုလတ်နှင့် ကျော်နိုင်ဦး (ခ) ကျန်ကျောင်း တို့ နှစ်ဦးက ဝန်းရံပေး၍ ဝေဖြိုးအောင်(ခ) ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ၊ ဇော်ဇော်လွင် (ခ) ဘိုဘို တို့က အဆိုပါယာဉ်ပေါ်၌ စောင့်ကြည့်နေခဲ့ကြောင်း၊ လက်ကိုင်ဖုန်းအား နှိုက်ယူနေသည်ကိုသိရှိသွား၍ အချင်းများကြရာ ဝေဖြိုးအောင် (ခ) ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ၊ ဇော်ဇော်လွင် (ခ) ဘိုဘိုတို့မှ လက်သီးဖြင့်ထိုးကြိတ်ခဲ့ကြကြောင်း၊ ထို့နောက် ဦးစောလယ်ထူးကျော်၏ သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူးအား ပန်းဆိုးတန်းကားမှတ်တိုင်အရောက် ကားပေါ်မှဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်းနှင့် ခါးပိုက်နှိုက်ယူရရှိခဲ့သည့် Redmi ဖုန်းအား အောင်မိုး (ခ) လှမြိုင် (ခ) တည်ကြီး မှ ယူဆောင်သွားကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ အများပြည်သူသွားလာအသုံးပြုနေသည့် YBS မြို့တွင်လိုင်းယာဉ်များပေါ်၌ အုပ်စုဖွဲ့၍ ခါးပိုက် နှိုက်မှုကျူးလွန်သူများဖြစ်ပြီး ဖမ်းဆီးရမိတရားခံများဖြစ်သည့် အောင်ကိုလတ်၊ ကျော်နိုင်ဦး (ခ) ကျန်ကျောင်း၊ ဝေဖြိုးအောင်(ခ) ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိနှင့် ဇော်ဇော်လွင် (ခ) ဘိုဘို တို့အား ၎င်းတို့ကျူးလွန်ခဲ့သည့် အမှုများ ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန် ကျန်တရားခံဖြစ်သည့် အောင်မိုး(ခ) လှမြိုင် (ခ) တည်ကြီး အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး၊ သက်သေခံပစ္စည်း ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။