ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းဓာတ်အားပေး စက်ရုံစီမံကိန်းတို့မှ နိုင်ငံတော် ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းဓာတ်အားပေး စက်ရုံစီမံကိန်းတို့မှ နိုင်ငံတော် ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်
Ministry of Information/ နေပြည်တော် / May 21, 2020
နေပြည်တော် မေ ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်များအနက် ကဏ္ဍတစ်ခုဖြစ်သည့် လျှပ်စစ်မီး ရရှိရေးကို ဒေသအသီးသီးသို့ ဖြန့်ကျက်ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော် အစိုးရအနေဖြင့်လည်း ယခုနှစ်တွင် လျှပ်စစ်ကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန် အများဆုံး ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ နှစ်စဉ်တိုးတက်သုံးစွဲနေသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်နှင့် ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် Liquefied Natural Gas to Power စီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အား စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် စီမံကိန်းသစ် ၇ ခုကို ရန်ကုန်တိုင်းဒေသကြီး အလုံ၊ သန်လျင်၊ သာကေတတို့တွင်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး၊ မကွေးနှင့် ကျွန်းချောင်းတို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အဆိုပါ စီမံကိန်း (၇) ခုအနက် မကွေးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ နိုင်ငံတော်ဓာတ်အား စနစ်အတွင်းသို့ စတင်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ခဲ့ပြီး ကျန်စီမံကိန်း (၆) ခုကိုလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၎င်းစီမံကိန်း (၆) ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံ ဓာတ်အားပေး စက်ရုံဝင်းအတွင်းတွင် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် အလုံ ၁၅၁ဒသမ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်း ဓာတ်အားပေးစက်ရုံဝင်း အတွင်းတွင် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကျွန်းချောင်း ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ စီမံကိန်းတို့မှ လျှပ်စစ်ဓာတ်အားများ စတင်ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။
လက်ရှိ ဌာနပိုင်အလုံဓာတ်အားပေးစက်မှာ ယခင်တစ်ရက်လျှင် ရတနာသဘာဝဓာတ်ငွေ့ ကုဗပေ ၃၆ သန်းကို အသုံးပြု၍ ၇၀ မဂ္ဂါဝပ်ခန့်သာ ဓာတ်အားထုတ်ပေးနိုင်ခဲ့သဖြင့် စက်စွမ်းရည် ကျဆင်းနေသောကြောင့် ၎င်းဓာတ်အားပေးစက်အစား စွမ်းရည်မြင့်မားသော စက်များဖြင့် အစားထိုးရန် မြေနေရာနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ပေးနိုင်သော အလုံဓာတ်အားပေး စက်ရုံဝင်း အတွင်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး စက်စွမ်းရည် မြင့်မားသည့် ဓာတ်အားပေးစက်များကို အသုံးပြုသည့်အတွက် လျှပ်စစ်ဓာတ်အား ၈၁ မဂ္ဂါဝပ် ပိုမိုထုတ်လုပ်နိုင်မည့် အကျိုး ကျေးဇူးများ ရရှိခဲ့ခြင်းဖြစ်သည်။
အလားတူ ကျွန်းချောင်းဓာတ်အားပေး စက်ရုံတွင်လည်း ယခင်ဌာနပိုင် ဓာတ်အားပေးစက်မှာ တစ်ရက်လျှင် ကုန်းတွင်းဓာတ်ငွေ့ ကုဗပေ ၅ သန်းကို အသုံးပြု၍ ၅ မဂ္ဂါဝပ်ခန့်သာ ဓာတ်အား ထုတ်ပေးနိုင်ခဲ့၍ စက်စွမ်းရည် ကျဆင်းနေသောကြောင့် စွမ်းရည်မြင့်မားသော ယခုလက်ရှိ ဓာတ်အားပေး စက်များဖြင့် အသုံးပြုသည့်အတွက် ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အား ထုတ်ပေး နိုင်သောကြောင့် လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ် ပိုမိုထုတ်လုပ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ နွေရာသီကာလတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇) ခုမှ စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံ၊ အလုံ ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံနှင့် ကျွန်းချောင်း ၂၀ ဒသမ ၅၄ မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံတို့မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)
