ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုတင် - ၄၀၀ ဆံ့ အဆင့်မြင့်ခုနစ်ထပ်ဆောင် မကြာမီဖွင့်လှစ်မည်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုတင် - ၄၀၀ ဆံ့ အဆင့်မြင့်ခုနစ်ထပ်ဆောင် မကြာမီဖွင့်လှစ်မည်
Ministry of Information/ Naypyitaw / January 10, 2024

ရန်ကုန် ဇန်နဝါရီ ၉
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါအချောသပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မကြာမီပြီးစီးတော့မည်ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးသည် ခုတင်(၄၀၀)ဆံ့ ဆေးရုံကြီးဖြစ်ကာ ပြီးစီးသွားပါက ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကုန်အကျသက်သာစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါဆေးရုံသစ်ကြီးတွင် ဓာတ်မှန်ခန်းခြောက်ခန်းနှင့် ကွန်ပျူတာဓာတ်မှန်ခန်းနှစ်ခန်း ပါဝင်သော အဆောင်များ၊ ဓာတ်ခွဲခန်းများပါဝင်သော အဆောင်များ၊ ဖျားနာကုသဆောင်များ၊ သွေးရောဂါကုသဆောင်များ၊ ရိုးတွင်းခြင်ဆီအစားထိုးကုသဆောင်များ၊ အမျိုးသား အမျိုးသမီးလူနာ ဆောင်များ၊ သီးသန့်လူနာခန်းများပါဝင်သောအဆောင်များ၊ တာဝန်ကျဆရာဝန်၊ ဆရာမများ၊ သူနာပြုများနားနေခန်းများ ပါဝင်သောအဆောင်များနှင့် အခြားအထွေထွေရောဂါကုသသည့် အဆောင်များပါဝင်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာ ဆေးရုံတည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး) ဒေါက်တာသီတာလှ၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် အချောသပ်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် မကြာမီပြီးစီးတော့မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)