ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM နှင့် ပူးပေါင်း၍ သိပ္ပံပွဲတော် ၂၀၂၄ ဒုတိယနေ့အစီအစဉ်များကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့၌ ဆက်လက်ကျင်းပ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM နှင့် ပူးပေါင်း၍ သိပ္ပံပွဲတော် ၂၀၂၄ ဒုတိယနေ့အစီအစဉ်များကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့၌ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / August 17, 2024
image_latest


နေပြည်တော် သြဂုတ် ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်‌ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM)နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊ ဒုတိယနေ့အစီအစဉ်များကို ယနေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။

နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပွဲတော်လာကျောင်းသားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုဝေးခန်းမ၌ Science Battle ယှဉ်ပြိုင်နေမှုများကို တာဝန်ရှိသူများ၊ ကျောင်းသားများနှင့်အတူ ကြည့်ရှုအားပေးသည်၊

ယင်းပြိုင်ပွဲတွင် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသားများပါဝင်သော အသင်းရှစ်သင်းတို့က သက်ဆိုင်ရာဘာသာရပ်များကို Performance များဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား ၂၀၀ က voting စနစ်ဖြင့် အမှတ်ပေးကြရာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ အသင်းက ပထမဆု၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ အသင်းက ဒုတိယဆုနှင့် နည်းပညာတက္ကသိုလ် (သန်လျင်) မှ အသင်းက တတိယ ဆုများရရှိကြသည်။ ဒုတိယဝန်ကြီးက ဆုများကို ချီးမြှင့်ပေးအပ်ပြီး ပြိုင်ပွဲဝင်ကျောင်သားအားလုံးကို ROSATOM မှ တာဝန်ရှိသူနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်တို့က Certificates များကို ပေးအပ်ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ပြီး ပြိုင်ပွဲဝင်သူအားလုံးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုကြောင်းနှင့် နိဂုံးချုပ်အမှာစကားပြောကြားသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်၌ ယမန်နေ့က HackAtom ပြိုင်ပွဲဝင်အသင်းများ၏ အသင်းလိုက်ယှဉ်ပြိုင်ဖြေဆိုကြမှုများကို Moscow Engineering Physics Institute မှ ပါမောက္ခများပါဝင်သော ဒိုင်အဖွဲ့က မေးခွန်းများကို မေးမြန်းပြီး အကဲဖြတ်အမှတ်ပေးကြသည်။ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရအသင်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး Moscow Engineering Physics Institute မှ ပါမောက္ခများက ပြိုင်ပွဲဝင်အသင်းများအား ROSATOM မှ Certificates များနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ROSATOM မှ တာဝန်ရှိသူများနှင့် Moscow Engineering Physics Institute မှ ပါမောက္ခများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ထို့အတူ ဒုတိယနေ့အစီအစဉ်များကို နျူကလီးယားသတင်းအချက်အလက်စင်တာတွင်လည်း ဆက်လက်ကျင်းပရာ နံနက်ပိုင်းတွင် Public Discussion ကို ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ရှိ တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများသည် Hybrid စနစ်ဖြင့် တက်ရောက်ကြပြီး Fun Science အစီအစဉ်မှ “Sink or Swim Boat Challenge” တွင် အခြေခံပညာ အလယ်တန်းမှ ကျောင်းသားများ တက်ရောက်ဆင်နွှဲကြသည်။ အဆိုပါစင်တာ၌ ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့မှ ကျွမ်းကျင်ပညာရှင် သုံးဦးကို အစီအစဉ်တင်ဆက်သူက နျူကလီးယားနည်းပညာ ဆိုင်ရာမေးခွန်းများ အပြန်အလှန်ဆွေးနွေးကြသည်များကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။

အလားတူ Moscow Engineering Physics Institute မှ ပါမောက္ခများက “Career guidance Session” အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အထက (၂) မင်္ဂလာဒုံနှင့် TTC (ကမာရွတ်) ကျောင်းတို့၌ ပြုလုပ်ပြီး ကျောင်းသားများက “သင့်ရဲ့ သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှုကို ဘယ်လိုမြှင့်တင်မလဲ” ဂိမ်းကစားနည်းများဖြင့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,