ရေးနှင့် တာချီလိတ်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်

ရေးနှင့် တာချီလိတ်မြို့နယ်တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်


Ministry of Home Affairs/ နေပြည်တော် / June 09, 2023


      တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
    ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးပန်းရွှေ(၄၈)နှစ် (ဘ)ဦးထွန်းရှိန်သည် တစ်ရွာတည်းနေ ဦးရဲထွဋ်ဦး(၅၃)နှစ် (ဘ)ဦးသာစိန်၏ နေအိမ်မှ ၎င်း၏နေအိမ်သို့ ထွက်ခွာလာစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးပန်းရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    အလားတူ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဂေါက်ကွင်းအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ဦးကျိုင်းလား(၄၁)နှစ် (ဘ)ဦးအိုက်စမ်းသည် SHN 1M/7536 Land Cruiser ယာဉ်ဖြင့် ရွှေမြန်မာ ဟိုတယ်လမ်းဆုံဘက်မှ ရီဂျီးနားဟိုတယ်ဘက်သို့ ဂေါက်ကွင်းပတ်လမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျိုင်းလားတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
  အထက်ပါဖြစ်စဉ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။