ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / May 16, 2025

စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထုလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုနှစ်ကုန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း အတိအလင်းပြောကြားထားသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၂၇ ပါတီရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ရှိရာ စုစုပေါင်းနိုင်ငံရေးပါတီ ၇၇ ပါတီရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ခွင့်ပြုပေးခြင်း၊ ဆက်လက်စိစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုကိုကိုယ်စားပြုပြီး နိုင်ငံ့အကျိုးကို ဆောင်ရွက်ကြမည်ဖြစ်ရာ ကောင်းမွန်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ နိုင်ငံရေးဆိုင်ရာ အသိပေးခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်သူလူထုအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားနှစ်သက်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူကို အမှန်တကယ်အကျိုးပြုမည့် နိုင်ငံရေးပါတီများကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ရန်လိုအပ်သလို ရွေးကောက်ပွဲကို ငြိမ်းချမ်းအောင်မြင်စွာဖြင့် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်သည်။ ဒီမိုကရေစီစနစ်၏ သဘောတရားဖြစ်သည့် မတူကွဲပြားမှုများကြားမှ ပေါင်းစည်းညီညွတ် လက်တွဲဆောင်ရွက်ကြသည့် ငြိမ်းချမ်းသောစိတ်ထားများ ထားရှိကြရန်လိုအပ်သည်။ ဒီမိုကရေစီစနစ်၏ ဆန့်ကျင်ဘက်ဖြစ်သည့် မတူကွဲပြားမှုများကိုရှေ့တန်းတင်ထားသည့် အကြမ်းဖက်ဝါဒကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်၍ နိုင်ငံတကာမိတ်ဖက်နိုင်ငံများ၊ အပြုသဘော ဆောင်သောနိုင်ငံများက လက်ခံနားလည်အသိအမှတ်ပြုကြပြီး ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားမျှတမှုရှိ/မရှိ၊ မှန်ကန်စနစ်ကျနမှုရှိ/မရှိ၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်းရှိ/မရှိ နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ထားပြီးဖြစ်သည်။ ရွေးကောက်ပွဲကျင်းပခြင်းသည် နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့်၊ ဒီမိုကရေစီ နည်းလမ်းဖြင့် မှန်ကန်စွာဆောင်ရွက်ခြင်းဖြစ်သည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် မတူညီဘဲ ရွေးကောက်ပွဲအခြေအနေ၊ ဆောင်ရွက်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုမိုများပြားသည်။ ကျင်းပမည့် ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲကျင်းပမည့် အချိန်ကာလ၊ မဲပေးရမည့်ပုံစံများ မတူညီသည်ကိုတွေ့ရသည်။ မဲပေးရာတွင် ယခင်က မဲလက်မှတ်များဖြင့် မဲပေးခဲ့သော်လည်း ယခု အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မဲပေးစက်ကို ပြည်တွင်းရှိ ကျွမ်းကျင်သူပညာရှင်များက ကမ္ဘာ့နိုင်ငံအသီးသီးတွင်အသုံးပြုသည့် မဲပေးစက်များကိုလေ့လာပြီး မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်များနှင့် အကိုက်ညီဆုံးဒီဇိုင်းပုံစံတီထွင်ခဲ့သည်။ မဲပေးစက်များကို အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး အမှားအယွင်းမရှိစေရေး၊ လုံခြုံစိတ်ချမှုရှိစေရေး၊ မဲဆန္ဒရှင်ပြည်သူများ မဲပေးစက်အပေါ် ယုံကြည်မှုရှိစေရေး ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးစက်အကြောင်းသိရှိစေရန်နှင့် မဲပေးစက်ဖြင့် မှန်ကန်စွာမဲပေးတတ်စေရန် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသည်။ စက်များအသုံးချနိုင်ရေးအတွက် စက်ပိုင်းဆိုင်ရာများ၊ လူ့အရင်းအမြစ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကူညီဆောင်ရွက်ကြမှသာလျှင် အောင်မြင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူလူထုလိုလားသည့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် နိုင်ငံတော်က စနစ်တကျမှန်ကန်စွာ အဆင့်လိုက်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်အတူ နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာဒေသအလိုက်အဖွဲ့အစည်းများ၊ မဲဆန္ဒရှင်ပြည်သူများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။