ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိ
ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိ
Ministry of Home Affairs/ နေပြည်တော် / November 29, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ အတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစ၍ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၏ ကြီးကြပ်မှုဖြင့် အမှတ်(၄၄၂)၊ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးရုံးမှ ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တို့က မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာတွင် အခြေပြု၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ယနေ့ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းနှင့်ဆက်နွယ်သော အဆောက်အအုံ ၂၃၁ လုံးအား စစ်ဆေးခဲ့ရာ KTV အဆောင်၊ စျေးဆိုင်ခန်း များနှင့် လူနေတိုက်ခန်းများတွင် နေထိုင်မှုမရှိသည့်အပြင် ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရပြီး ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများကိုလည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ အဆောက်အအုံ ၅၀၆ လုံးနှင့် ဂိုဒေါင် ၃ လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အအုံများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ၊ မော်နီတာ ၃,၃၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၁,၈၇၀ လုံး၊ Starlink ဗန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ နိုဝင်ဘာ ၂၂ ရက်တွင် ကွန်ပျူတာ၊ မော်နီတာ ၂,၆၅၃ လုံး၊ မိုဘိုင်းဖုန်း ၂၁,၇၅၀ လုံးနှင့် နိုဝင်ဘာ ၂၈ ရက်တွင် ပိုင်လော့မိန် KTV ၌ ကာစီနိုလောင်းကစားခုံ ၆၃ လုံးအား ဖျက်ဆီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ၊ မော်နီတာ ၆၅၇ လုံး၊ မိုဘိုင်းဖုန်း ၁၂၀ လုံး၊ Starlink ဗန်း ၁၀၂ လုံးနှင့် Router ၂၂ တို့အား ထိန်းသိမ်းထားရှိသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ စစ်ဆေးဆောင်ရွက် ပြီးစီးခဲ့သည့် အဆောက်အအုံ ၅၀၆ လုံးနှင့် ဂိုဒေါင် ၃ လုံးတို့အနက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် အသုံးပြုခဲ့သော စုစုပေါင်း အဆောက်အအုံ ၆၄ လုံးအား ချိတ်ပိတ်သိမ်းဆည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်အဆောက်အအုံများအား ဆက်လက်ရှာဖွေစီးနင်းခြင်းနှင့် စစ်ဆေးတွေ့ရှိသူ များအား အသေးစိတ်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေကုက္ကိုလ်နယ်မြေ အတွင်း တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသည့် တရားမဝင် စုစုပေါင်း ပြည်ပနိုင်ငံသား ၂,၀၄၂ ဦးအား စစ်ဆေးဆောင်ရွက်ပြီးဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂,၈၈၂ ဦးအား ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀,၀၂၉ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၈၅၃ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့် ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက် နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
