ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိ

ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / May 24, 2022


စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား မေလ ၂၁ ရက်နေ့ နံနက်ပိုင်း၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ထိခိုက် ပျက်စီးကာ ခရီးသည် အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်နေ ဦးနေဇော်လတ် (၃၅)နှစ် မောင်းနှင်သည့် High Class ခရီးသည်တင်မော်တော်ယာဉ်သည် ခရီးသည် ၂၃ ဦးအားတင်ဆောင်ကာ မန္တလေးမြို့မှ ကလေးမြို့သို့ ရွှေဘို-မန္တလေးကားလမ်းအတိုင်းမောင်းနှင်လာစဉ် နံနက် ၄ နာရီ ၂၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ လှတောကျေးရွာအဝင် ရွှေဘို-မန္တလေးကားလမ်းမကြီးမိုင်တိုင်အမှတ် ၅၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြားအရောက်၌ လမ်း၏ယာဘက်ဘေးမှ အကြမ်းဖက်သမားများက လက်လုပ် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ ဝဲ၊ ယာလေကာမှန်များ ကွဲအက်ကာ ယာဉ်ကိုယ်ထည်တို့ ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည်အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးကုသမှုခံယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ခရီးသွားပြည်သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။