ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး တာချီလိတ်မြို့ ရေဘေးသင့်ပြည်သူများအား အဝတ်အထည်များ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး တာချီလိတ်မြို့ ရေဘေးသင့်ပြည်သူများအား အဝတ်အထည်များ ပေးအပ်လှူဒါန်း


Ministry of Information/ Naypyitaw / September 19, 2024
image_latest


တာချီလိတ် စက်တင်ဘာ ၁၉

တာချီလိတ်မြို့၌ စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်နေ့အထိ ရေကြီးရေလျှံခြင်းဖြစ်ပေါ်ခဲ့သဖြင့် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးသည် ရေဘေးသင့်ပြည်သူများအား စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီက အဝတ်အထည်များ ပေးအပ်လှူဒါန်းပြီး ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူတို့သည် တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား အဝတ်အထည်များပေးအပ်လှူဒါန်းပြီး ခရိုင်နှင့်မြို့နယ် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံကာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုကိန်းဂဏန်းအချက်အလက်များ မှန်မှန်ကန်ကန်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်ထိရောက်စေရေးအတွက် လူအင်အားထက် စက်ယန္တရားများဖြင့် အသုံးပြုနိုင်အောင် စီမံဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူတို့က ဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ လျှပ်စစ်မီးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး စီစဉ်ဆောင်ရွက်နေမှု၊ ကယ်ဆယ်ရေးလှေ၊ နုန်းစုပ်စက်နှင့် ရေဘေးအန္တရာယ်လျော့ပါးရေး မယ်ဆိုင်ချောင်းနှင့် မယ်ခေါင်ချောင်းတို့တွင် ရေထိန်းနံရံတည်ဆောက်ရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် လူမှုရေးရာဝန်ကြီးသည် တာလော့ရပ်ကွက်အတွင်း စက်ယန္တရားများဖြင့် ရွှံ့နွံနှင့် အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး တာချီလိတ်မြို့ မဟာဗောဓိကမ္မဌာန်းကျောင်းတိုက်သို့ သွားရောက်ကာ နာယကဆရာတော် သဒ္ဓမ္မ‌ဇောတိကဓဇ ဘဒ္ဒန္တဉာဏဝရ သက်တော်(၈၀) ဝါတော်(၆၀)၏ အန္တိမဈာပနစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း(၁၀၀)ကို တာဝန်ရှိ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)