ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အား ဆက်သွယ်ထားသည့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အား ဆက်သွယ်ထားသည့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
Ministry of Home Affairs/ Naypyitaw / August 27, 2025
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဒေသခံပြည်သူများ၏ အားပေးထောက်ခံမှု မရရှိခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်နေမှုများနှင့် တပ်မတော် စစ်ကြောင်းများ၏ တန်ပြန်ထိုးစစ်ဆင်မှုများအား ဆက်လက်ခုခံနိုင်မှုမရှိခြင်းတို့ကြောင့် ထိခိုက်ကျဆုံး များစွာဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိပြီး ၎င်းတို့ဆုတ်ခွာစဉ် ဒေသခံပြည်သူများ၏ နေအိမ်များ၊ လမ်းတံတားများ၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် သမိုင်းဝင် အထင်ကရနေရာများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသော ယုတ်မာရိုင်းစိုင်းသည့် အဖျက်အမှောင့်လုပ်ရပ်များကို ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၌ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အား ဆက်သွယ်ထားသည့် တံတားအရှည် ပေ ၂,၂၆၀၊ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်း တံတားအား TNLA အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် ကျောက်မဲမြို့ဘက်ခြမ်း တံတားတိုင်အမှတ် (P-16) နှင့် ကမ်းကပ်ခုံ (AB-2) နေရာတို့အကြား ပေ ၆၀ အရှည် တံတားသံပေါင်နေရာနှင့် တံတား၏ကမ်းကပ်ခုံ (AB-2) တို့ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် နိုင်ငံ၏ အထင်ကရနှင့် သမိုင်းဝင်နေရာအား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် လုပ်ရပ်အား ပြည်သူလူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။