ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး Happy Water ၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါး Happy Water ၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / April 06, 2023
မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလမတိုင်မီ လူငယ်များအား စိတ်ပြောင်းဆေးဝါး Happy Water များ ရောင်းချလျက်ရှိကြောင်းသတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခွဲက တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သတင်းရရှိထားသူ စိုင်းဦးမောင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာ၍ ရှာဖွေခဲ့ရာ ၎င်းထံမှ COLLAGEN စာတန်းပါ ပလတ်စတစ်အိတ်များဖြင့်ထည့်လျက် စိတ်ပြောင်းဆေးဝါး Happy Water ၂ ကီလိုနှင့် Royal-D စာတန်းပါ ပလတ်စတစ်အိတ်များဖြင့်ထည့်လျက် စိတ်ပြောင်းဆေးဝါး Happy Water ၆ ဒသမ ၄ ကီလို၊ စုစုပေါင်း ငွေကျပ်သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၈ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး Happy Water များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်လာပြီး တာချီလိတ်မြို့ပေါ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလ၌ လူငယ်များကို ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အလားတူ လူငယ်များကို အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါးများရောင်းချမှုကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ယခုထက်ပိုမိုထိရောက်စွာ တားဆီးနှိမ်နင်းလျက်ရှိကြောင်း သိရသည်။
