လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် (၄၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် (၄၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / October 31, 2025
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် (၄၈) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင် ပညာတတ်လူသားအရင်းအမြစ်ကြွယ်ဝမှုသည် အခြေခံအကျဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်၍ စာရင်းပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိပါကြောင်း၊ သင်တန်းသားများသည် မကြာမီကာလအတွင်း စာရင်းပညာရှင်များအဖြစ် ရပ်တည်ဆောင်ရွက်သွားကြရမည့်သူများဖြစ်သဖြင့် သင်တန်းမှပို့ချမှုများကို အလေးအနက် ထား၍ သင်ယူကြစေလိုပါကြောင်း၊ ပညာရှင်နှင့်လျော်ညီသည့် လုပ်ငန်းကျွမ်းကျင်မှုနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အရည်အချင်းများပြည့်ဝနေရန် လိုအပ်သည့်အပြင် နည်းပညာဆိုင်ရာ တိုးတက်မှုများကိုလည်း အမြဲမပြတ်လေ့လာဆည်းပူးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းပညာကဏ္ဍမှတစ်တက်တစ်အား ပါဝင်ဆောင် ရွက်နိုင်သည့် စာရင်းပညာရှင်များဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြော ကြားခဲ့သည်။
ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ ရန်ကုန်သင်တန်း ကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ ရန်ကုန်တွင် ၂၅-၁၀-၂၀၂၅ ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ Online ဖြင့် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့်ကောင်စီဝင်များ၊ မြန်မာ နိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းအမှုဆောင်များ၊ စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများကြီးကြပ်ရေးကော်မတီဝင်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်း ကထိကနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ 
                             
                                
