လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း Wa Ale Resort သို့ နိုင်ငံတကာမှခရီးသွားများ နှစ်စဉ်အပန်းဖြေလည်ပတ်လျက်ရှိ
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း Wa Ale Resort သို့ နိုင်ငံတကာမှခရီးသွားများ နှစ်စဉ်အပန်းဖြေလည်ပတ်လျက်ရှိ
Ministry of Information/ Naypyitaw / January 08, 2024

ရန်ကုန် ဇန်နဝါရီ ၇
မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့နှင့် ရေမိုင် ၆၀ အကွာတွင်ရှိသည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ဝါးအလယ်ကျွန်း(Wa Ale Resort)သို့ နိုင်ငံတကာမှ ခရီးသွားများ ပိုမိုဝင်ရောက်လျက်ရှိကြောင်း သိရသည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း ဧရိယာ ၁၀၀ ဒသမ ၁၅ ဧကအကျယ်တွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ်တစ်ခုဖြစ်ခြင်း၊ ရုက္ခ၊ ဇီဝနှင့် အဏ္ဏဝါဆိုင်ရာ သဘာဝကုန်းနေ/ ရေနေတောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝခြင်း၊ ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်တည်ရှိခြင်း၊ အပန်းဖြေဧရိယာအတွင်း ကယက်လှေဖြင့် သဘာဝအလှကို ကြည့်ရှုလေ့လာနိုင်ခြင်း၊ လှပသန့်ရှင်းသော ပင်လယ်ပြင်နှင့် သောင်ပြင်အလှတို့ရှိနေခြင်း၊ ဆလုံတိုင်းရင်းသားတို့၏ လူမှုဘဝကို အနီးကပ်လေ့လာနိုင်ခြင်းနှင့် သဘာဝအခြေခံခရီးသွား အရင်းအမြစ်များစွာ တည်ရှိနေခြင်းတို့ကြောင့် နိုင်ငံတကာမှ ခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည်။
ပြည်သူလူထု ပူးပေါင်းထိန်းသိမ်း
“ကျွန်တော်တို့ လန်ပိကျွန်းမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုရှိတယ်။ ဝါးအလယ်ကျွန်းလို့ခေါ်တဲ့ အဲဒီအပန်းဖြေစခန်းမှာ နိုင်ငံခြားသားခရီးသွားတွေ အပန်းဖြေလည်ပတ်နေကြပါပြီ။ အထူးသဖြင့် ကယက်လှေနဲ့ လည်ပတ်တာ၊ နေဝင်ဆည်းဆာမှာ ကုန်းနေ/ရေနေငှက်တွေကိုကြည့်တာ နှစ်သက်ကြတယ်။ လှိုင်းစီးမယ်၊ သန္တာကျောက်တန်းတွေကို လေ့လာကြတယ်။ လန်ပိကျွန်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်တဲ့အပြင် အာဆီယံအမွေအနှစ် ဥယျာဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဌာနအနေနဲ့ မီးခိုးမထွက်တဲ့ အစိမ်းရောင်စီးပွားရေးကနေနိုင်ငံအတွက် ဝင်ငွေရှာဖွေပေးနိုင်တဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အဏ္ဏဝါအမျိုးသားဥယျာဉ်ကြီး ရေရှည်တည်တံ့ဖို့အတွက် ဆက်စပ်ဌာနများနဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်ထိန်းသိမ်းသွားဖို့လည်း တိုက်တွန်းလိုပါတယ်”ဟု လန်ပိကျွန်းအဏ္ဏဝါ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပြောသည်။
ဝါးအလယ်ကျွန်း (Wa Ale Resort)၏ အရှေ့ဘက်မျက်နှာစာနှင့် အနောက်ဘက်မျက်နှာစာမှ ပင်လယ်ပြင်အလှကို အပြည့်အဝကြည့်ရှုခံစားနိုင်သည့်အပြင် အရုဏ်ဦးအလှနှင့် ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်သောကြောင့် ခရီးသွားရာသီ ဒီဇင်ဘာလကုန်ပိုင်းတွင် ခရီးသွားများဝင်ရောက်နေခြင်းဖြစ်သည်။ လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်သည် အလျား မိုင် ၃၀၊ အနံ ခုနစ်မိုင်ရှိပြီးကုန်းတွင်းနှင့် အဏ္ဏဝါ၌ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝကာရေပျော်ငှက်နှင့် ဒေသမျိုးရင်းငှက် ၂၈၈ မျိုးရှိ၍အောက်ချင်းငှက်နှင့် ပုလင်းနှုတ်သီးလင်းပိုင်များလည်း ကျက်စားသည့်အတွက် နိုင်ငံခြားသားခရီးသွားများ လေ့လာစူးစမ်းရာ နေရာတစ်ခုအဖြစ် ဆွဲဆောင်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ခရီးသွားရာသီ၌ မြန်မာပြည်မြောက်ပိုင်း ရေခဲတောင်ဒေသ၊ တောင်ပေါ်ဒေသ၊ မြန်မာပြည်အလယ်ပိုင်း ပုဂံဒေသနှင့် ခရီးသွားဒေသများ၊ ရန်ကုန်မြို့ရှေးဟောင်းမြို့ပြအဆောက်အအုံများနှင့် ကော့သောင်းခရိုင် မြိတ်ကျွန်းစုတို့တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ အပန်းဖြေလည်ပတ်ကြလျက်ရှိသည်။ ယခုလို ဆောင်းရာသီ၌ မြို့ပြမွန်းကြပ်မှုကို ပြေပျောက်စေသည့် ပင်လယ်ကမ်းခြေအပန်းဖြေလည်ပတ်မှုတွင် မြန်မာပြည်တောင်ဘက်စွန်းရှိ လန်ပိကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ကျွန်းဘုရင်၊ သမီးလှကျွန်း၊ မင်းသားကျွန်းနှင့် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းတို့၌ ပြည်တွင်း၊ ပြည်ပခရီးသွားများ အပန်းဖြေလည်ပတ်ကြလျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ခရီးသွားကုမ္ပဏီတို့က ခရီးသွားများကို ဝန်ဆောင်မှုများပေးလျက်ရှိသည်။ အထူးသဖြင့် ရှားပါးမျိုးစိတ်များ ရှင်သန်ကျက်စားလျက်ရှိရာ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ Wa Ale Resort သို့ နိုင်ငံတကာမှ ခရီးသွားများ နှစ်စဉ်လာရောက်အပန်းဖြေလည်ပတ်လျက်ရှိကြောင်း သိရသည်။
သတင်း- ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး