လမ်းပေါ်အန္တရာယ်များ ကင်းရှင်းရေး Quick Win အစီအမံများ လိုက်နာ

လမ်းပေါ်အန္တရာယ်များ ကင်းရှင်းရေး Quick Win အစီအမံများ လိုက်နာ


Ministry of Information/ Naypyitaw / January 20, 2024
image_latest


စည်းကမ်းမလိုက်နာသူ YBS ယာဉ်မောင်းများကို ထုတ်ပယ်မှုများ ဆောင်ရွက်နေ၍ လိုအပ်နေသည့် ယာဉ်မောင်းနေရာများအတွက် အစားထိုးရန် ယာဉ်မောင်းသင်တန်းသားများကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ခေါ်ယူထားသည်ဟု သိရသည်။YBS ယာဉ်မောင်းများ၏ စည်းကမ်းချိုးဖောက်မှုများတွင် မီးနီကို သုံးကြိမ်အထိ ဖြတ်မောင်းမှုများပါဝင်သည်။ ရန်ကုန်မြို့ကဲ့သို့သော မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့် ယာဉ်စီးရေအများဆုံးမြို့ကြီးတွင် ခရီးသည်တင်ယာဉ်ကြီးများကို မောင်းနှင်သူများ၏ စည်းကမ်းကောင်းမွန်မှု၊ ကျွမ်းကျင်မှုနှင့် စိတ်ရှည်သည်းခံနိုင်စွမ်းရှိမှုတို့က လွန်စွာပင် အရေးကြီးလှသည်။

မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်ကြောင့် တစ်ရက်လျှင် လူ ၁၀ ဦးခန့် သေဆုံးလျက်ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ယာဉ်ထိန်းရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ Road Safety ခေါ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးသည် မိမိတို့နိုင်ငံမှာသာမက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်သည့်အပြင် ၎င်းအန္တရာယ်သည် တဖြည်းဖြည်း ကြီးထွားလာနေသည်ဟုလည်းဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်အရ ကမ္ဘာလုံးအတိုင်းအတာဖြင့် လမ်းပေါ်မတော်တဆ ဖြစ်ရပ်များကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး လူသန်း ၅၀ ကျော်မှာ ထိခိုက်ဒဏ်ရာရနေကြသည်ဟုဆိုသည်။ ထိုအရေအတွက်သည် လျော့ကျသွားခြင်းမရှိသည့်အပြင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးလာနေသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (NRSC) က ထုတ်ပြန်သည့် အချက်အလက်များ၊ နှစ်ချုပ်အစီရင်ခံစာများအရ ၂၀၁၈ ခုနှစ်မှစ၍ ယာဉ်တိုက်မှု၊ ဒဏ်ရာရ၊ သေဆုံးမှုများ နှစ်အလိုက် တောက်လျှောက်လျော့နည်းကျဆင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် လတစ်လချင်းအလိုက် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၈၁၇၁ မှု၊ သေဆုံးသူ ၅၂၅၀၊ ဒဏ်ရာရသူ ၂၉၁၄၄၊ ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၇၄၅၂ မှု၊ သေဆုံးသူ ၅၁၈၄၊ ဒဏ်ရာရသူ ၂၆၇၄၁၊ ၂၀၁၉ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၆၁၆၇ မှု၊ သေဆုံးသူ ၅၃၂၅၊ ဒဏ်ရာရသူ ၂၅၀၇၂၊ ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှု ၁၂၉၇၃ မှု၊ သေဆုံးသူ ၄၄၁၀၊ ဒဏ်ရာရသူ ၁၈၆၂၀၊ ၂၀၂၁ ခုနှစ်တွင် ယာဉ်တိုက်မှု ၆၄၂၀ ၊ သေဆုံးသူ ၃၁၅၈၊ ဒဏ်ရာရသူ ၈၃၁၁၊ ၂၀၂၂ ခုနှစ်တွင် ယာဉ်တိုက်မှု ၅၆၃၁ မှု၊ သေဆုံးသူ ၂၇၉၅၊ ဒဏ်ရာရသူ ၇၈၅၃ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဩဂုတ်လအထိ ယာဉ်တိုက်မှု ၃၂၆၂ မှု၊ သေဆုံးသူ ၁၆၈၅ နှင့် ဒဏ်ရာရသူ ၄၅၁၇ ဦးရှိခဲ့သည်ဟု သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် လူ့ပယောဂကြောင့် ဖြစ်ပွားရသည့်ယာဉ်တိုက်မှုမှာ ၉၄ ရာခိုင်နှုန်းအထိ ရှိနေပြီး ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံ၊ လမ်းဒီဇိုင်း၊ လမ်းအဆင့်အတန်းများက ဆက်စပ်ပါဝင်နေသည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက်မှုအခြေခံနှစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းရေး ဆောင်ရွက်လျက်ရှိရာ ပြည်သူအားလုံးက လိုက်နာပူးပေါင်း ဆောင်ရွက်ကြရန် အရေးကြီးသည်။ အထူးသဖြင့် ယာဉ်မောင်းသူများ သိရှိလိုက်နာရမည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ ဝတ်ဆင်အသုံးပြုရေး၊ မော်တော်ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးပြုမှုကို ရှောင်ရှားရေး၊ မူးယစ်သောက်စား၍ မော်တော်ယာဉ်မောင်းနှင်မှုမပြုရေး၊ ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်ဝတ်ဆင်ရေး၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမပြုရေးအစီအမံများကို လိုက်နာကြခြင်းအားဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အပေါင်း ကင်းရှင်းနိုင်ကြပါစေကြောင်း။ ။