လာမည့် မိုးစပါးစိုက်ပျိုးရာသီ၌ အထွက်တိုးမျိုးကောင်းမျိုးသန့်များစိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်


Ministry of Information/ Naypyitaw / May 29, 2024
image_latest


နေပြည်တော် မေ ၂၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အေးမြသာယာရပ်ကွက်သို့ သွားရောက်ပြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် မွမ်းမံစက်ချုပ်သင်တန်းတက် ရောက်အောင်မြင်ပြီးသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသူများ ကိုယ်တိုင်ဖွင့်လှစ်ထားသော အပ်ချုပ်ဆိုင်များကို လိုက်လံကြည့်ရှုအားပေးပြီး မိသားစုဝင်ငွေတိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့ရှိ ဝန်ကြီးဌာနအောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဦးစီးဌာနအလိုက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်စီမံကိန်းလုပ်ငန်းများ အမြန်စတင်အကောင်အထည်ဖော်ရေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ကျင်းပသော သမဝါယမလယ်ယာဝန်ဆောင်မှုသရုပ်ပြပွဲနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာလာမည့် မိုးစပါးစိုက်ပျိုးရာသီ၌ အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေး နည်းပညာများအတိုင်း လိုက်နာဆောင်ရွက်ကြရေးမှာကြားပြီး မိမိတို့ဝန်ကြီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးက သမဝါယမလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တောင်သူလယ်သမားများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများ ပိုင်ဆိုင်ခွင့်ရရှိရန် သမဝါယမဦးစီးဌာနက ကူညီဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ ဟင်္သာတခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ခံက JICA Two Step Loan ဖြင့် ဆောင်ရွက်ပေးနေသော ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ဂျွန်ဒီးယားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဝန်ဆောင်မှုပေးနေသည့် လယ်ယာသုံးစက်ကိရိယာ အမျိုးအစားများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ဟင်္သာတခရိုင်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပြီး လယ်ယာသုံးစက်ကိရိယာများဖြင့် လက်တွေ့သရုပ်ပြ ထွန်ယက်နေမှုကိုလည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီအသီးသီးတို့၏ စိုက်ပျိုးရေး သွင်းအားစုများ ခင်းကျင်းပြသထားမှုကိုလည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသထားမှုကို လည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်