လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တတိယနေ့အခမ်းအနား ဆက်လက်ကျင်းပ
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တတိယနေ့အခမ်းအနား ဆက်လက်ကျင်းပ
Ministry of Information/ Naypyitaw / January 16, 2026
နေပြည်တော် ဇန်နဝါရီ ၁၅
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တတိယနေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ၊ အခြားဖိတ်ကြားထားသည့် လူငယ်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။
ဦးစွာ လူငယ်ကွန်ရက်များဖွဲ့စည်း၍ ကွန်ရက်အလိုက် စီမံချက်၊ အဆိုပြုချက်များ တင်ပြခြင်း၊ ကွန်ရက်အလိုက်အဆိုပြုချက်များကို ပညာရှင်များက အကြံပြုဆွေးနွေးခြင်း၊ ကွန်ရက်အလိုက် အဆိုပြုချက်များကို လူငယ်အချင်းချင်းမဲပေးဆုံးဖြတ်ခြင်း၊ မဲပေးဆုံးဖြတ်သည့်အပေါ် ပညာရှင်အဖွဲ့က သုံးသပ်၍ ဆုများသတ်မှတ်ခြင်း၊ လူငယ်ထုအတွင်း လျှပ်တစ်ပြက်စစ်တမ်း၊ ဆန္ဒကောက်ယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ကွန်ရက်အလိုက် စီမံချက်၊ အဆိုပြုချက်များနှင့် စပ်လျဉ်း၍ အဖွဲ့လိုက်ဆွေးနွေးမှုတွင် ပထမဆုနှင့် ဒုတိယဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တတိယဆုရရှိကြ သူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဖိုရမ်တွင် ဆွေးနွေးခဲ့ကြသည့် ပညာရှင်များကိုလည်းကောင်း၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း) က ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသူများကိုလည်းကောင်း၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိကြသူများကိုလည်းကောင်း၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း) က ဖိုရမ် Coordinator များကိုလည်းကောင်း၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဗိုလ်ချုပ် စိုးနိုင်ဦး (ငြိမ်း) က ဖိုရမ် Facilitator များကိုလည်းကောင်း ဆုများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အခမ်းအနားသို့ ပံ့ပိုးကူညီပေးခဲ့ကြသည့် အလှူရှင်များနှင့် ဖိုရမ်ဂုဏ်ပြုတေးသီချင်းရေးစပ်သီကုံးပေးခဲ့သူများကိုလည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အထောက်အကူပြုအဖွဲ့များကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့က လူငယ်များ၏ အဖွဲ့လိုက် ဆွေးနွေးမှုများမှ “သတင်းအချက်အလက်နည်းပညာသက်ရောက်မှုများ (IT)၊ ဉာဏ်ရည်တုနည်းပညာ (AI) စနစ် ထူထောင်ရေး၊ ဆိုက်ဘာ (Cyber)၊ Online Security၊ လူမှုကွန်ရက် (Social Media) နှင့် ကွန်ရက်အဖွဲ့များ ထိရောက်သော သတင်းမှန်ပြန်ကြားရေးဆိုင်ရာ ဆွေးနွေးမှု” နှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ က ထုတ်ပြန်ကြေညာသည့် လူငယ်ကြေညာစာတမ်းကို လူငယ် (၄) ဦးက ဖိုရမ်သို့ ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဖိုရမ်တက်ရောက်လာကြသူများသည် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သစ္စာအဓိဋ္ဌာန်လေးချက်ဖြစ်သည့် “မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိကွန်ရက်ကို ခိုင်မာအောင် ဖွဲ့စည်းမည်၊ မိမိဒေသကို ငြိမ်းချမ်းအောင် ပံ့ပိုးမည်၊ မိမိနိုင်ငံအတွက် ကောင်းအောင်ကြိုးစားမည်” တို့ကို ရွတ်ဆို၍ ကြေညာစာတမ်းကို ထုတ်ပြန်သည်။ (အဆိုပါကြေညာစာတမ်းကို သီးခြားဖော်ပြထားပါသည်။)
ယင်းနောက် တက်ရောက်လာကြသူလူငယ်များကိုယ်စား လူငယ်ကိုယ်စားလှယ် ၄ ဦးတို့က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးမှုရလဒ်များကို ရှင်းလင်းဆွေးနွေးပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်
