လူငယ်များ စာတတ်ရုံ၊ အတန်းအောင်ရုံသာမက လေ့လာဖတ်ရှုမှုဖြင့် ဗဟုသုတကြွယ်ဝပြီး အသိပညာတိုးတက်အောင် ကြိုးစားဆောင်ရွက် အသိဉာဏ်ပညာတိုးတက်မြင့်မားမှသာ မိမိတို့ဘဝ အောင်မြင်မှုရရှိနိုင်သလို နိုင်ငံနှင့် ပြည်သူကိုလည်း ပိုမိုအကျိုးပြုနိုင်မည်ဖြစ်


Ministry of Information/ Naypyitaw / February 22, 2024
image_latest


စစ်ကိုင်း ဖေဖော်ဝါရီ ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းမြို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ ဝန်ထမ်းရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာများမှာကြားပြီး တက္ကသိုလ် စာကြည့်တိုက်နှင့် ပြတိုက်တို့ကို ကြည့်ရှုလေ့လာသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ဆရာ ဆရာမများနှင့် ဝန်ထမ်း ၁၄၄ ဦး၊ ကျောင်းသား ကျောင်းသူ ၁၃၇၄ ဦး စုစုပေါင်း ၁၅၁၈ ဦး တက်ရောက်ကြသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၌ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ များအား တွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဝန်ထမ်းရေးရာနှင့် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးမှာကြားရာ ဆရာ ဆရာမများ၊ ဝန်ထမ်း ၁၅၀ နှင့် ကျောင်းသား ကျောင်းသူ ၁၁၉၃ ဦးတို့ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ဆောင်ရွက်ခဲ့မှုအပေါ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများနှင့် ပြည်ဖျက် မီဒီယာများက အဆိုးမြင်ဝါဒဖြင့် ထုတ်လွှင့်ဖော်ပြနေမှုများအပေါ် သုံးသပ်စဉ်းစားရန် လိုအပ်ကြောင်း၊ နိုင်ငံအချို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေများ ထုတ်ပြန်ဆောင်ရွက် နေကြပါကြောင်း၊ သတ်မှတ်ကာလ အပိုင်းအခြားအလိုက် လိုအပ်သလောက်သာ ခေါ်ယူပြီး ပြည်သူလူထုအား ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် အမျိုးသမီးများအား စစ်မှုထမ်းရန် ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း မှာကြားသည်။

ထို့နောက် လူငယ်များ ဗလငါးတန်ပြည့်ဝရန်လိုကြောင်း၊ စာတတ်ရုံ၊ အတန်းအောင်ရုံသာမက လေ့လာဖတ်ရှုမှုဖြင့် ဗဟုသုတကြွယ်ဝပြီး အသိပညာတိုးတက်အောင် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အတတ်ပညာ သာမကအသိဉာဏ်ပညာ တိုးတက်မြင့်မားမှသာ မိမိတို့ဘဝ အောင်မြင်မှုရရှိနိုင်သလို နိုင်ငံနှင့်ပြည်သူကိုလည်း ပိုမိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိဘဝ၊ မိမိ မိသားစု၊ မိမိဒေသ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဗလငါးတန် ပြည့်ဝရှင်သန်ရေးမှာ အရေးကြီးကြောင်း၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသား လူငယ်များကို အသိပညာ အတတ်ပညာ ပြည့်ဝစေရန်နှင့် ပညာသင်ကြားပြီးပါက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်ထားသည့် တက္ကသိုလ်၊ ကောလိပ်များဖြစ်၍ နိုင်ငံတော်က အလေးထားကြောင်း၊ ရည်မှန်းချက်များအတိုင်း ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးကောလိပ်တို့ရှိ စာကြည့်တိုက်များအတွက် စာအုပ်၊ စာစောင်များလှူဒါန်းပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပစ္စည်းများကို ပေးအပ်ခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး စာအုပ်များ လာရောက်ဖတ်ရှုသူများကို တွေ့ဆုံအားပေးသည်။ ထို့နောက် ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဝက်လက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ မြောင်မြို့နယ်၊ မြင်းမူမြို့နယ်တို့မှ ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ စစ်ကိုင်းဇုန်နယ်မှူးနှင့် စက်ရုံမှူး၊ ကောလင်း၊ ထီးချိုင့်၊ မိုးမိတ်တို့မှ စက်ရုံမှူးတို့အား တွေ့ဆုံ၍ ဝန်ထမ်းရေးရာနှင့် လုပ်ငန်းဆိုင်ရာများ၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ဂရုပြုရေးတို့ကို မှာကြားခဲ့သည်။

သတင်းစဉ်