လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပ
လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပ
Ministry of Information/ Naypyitaw / September 29, 2023

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသားကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။
မြေပုံ
ရခိုင်ပြည်နယ်မြေပုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက အထက(သဲတန်း)ကျောင်းရှိ ပညာ နေခြည်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာအထက(သဲတန်း)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းအောင်က အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်နှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က ဦးဆောင် ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသားကျောင်းသူများက ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက စကားဝိုင်းဆွေးနွေးချက်အကြောင်းအရာများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူ မြို့နယ်ဦးစီးအရာရှိက ရှင်းလင်းဖြေကြားသည်။ အဆိုပါ အခမ်း အနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓာတ်ပုံပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
မြစ်သား
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်(အထက) မြစ်သား ကျောင်း၌ ကျောင်းသား ကျောင်းသူများ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို စက်တင်ဘာ ၂၆ ရက်က ကျန်စစ်သားခန်းမ၌ ပြုလုပ်သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဦးဆောင်ပြီး Grade-6 ကျောင်းသူ မချမ်းမြေ့မြေ့သော်က လူငယ်နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-6 ကျောင်းသား မောင်စိုးမိုးအောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-5 ကျောင်းသူ မသိမ့်နန္ဒာထက်က လူငယ်နှင့် ဖုန်းအသုံးပြုမှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade–6 ကျောင်းသား မောင်သာလင်းထက်က လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးရာ တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိလိုသော မေးခွန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)
တံတားဦး
တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၇ ရက်က တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက နိုင်ငံတော်အနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး၊ အားကစားလှုပ်ရှားမှုများ၊ အနုပညာလှုပ်ရှားမှု များအပါအဝင် လူငယ်ရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ပြီး လူငယ်များအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံသင်ယူနိုင်၍ အသင်းအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး အလေ့အကျင့်ကောင်းများရရှိရန် ရည်ရွယ်ကြောင်း၊ ထို့ပြင်တစ်နိုင်ငံလုံး၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသည့် လိုအပ်ချက် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက “အားကစားနှင့်လူငယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက “အားကစားနှင့်လူငယ်ရေးရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)
