လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း


Ministry of Information/ Naypyitaw / July 15, 2024
image_latest


ဂျီနီဗာမြို့တွင် ၁၈-၆-၂ဝ၂၄ ရက်မှ ၁၂-၇-၂၀၂၄ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး၊ ယင်းသည် ကောင်စီ၏ အခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည်တို့နှင့် သွေဖည်လျက်ရှိသည်။ လူ့အခွင့်အရေးကောင်စီသည် အစည်းအဝေးကာလအတွင်း အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း အတည်ပြုချမှတ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့် အချက်အလက်များအား ထောက်ပံ့ပေးခဲ့သော်လည်း မဟာမင်းကြီး၏ အစီရင်ခံစာနှင့် တင်ပြချက်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားချက်များကိုသာ အလေးပေးဖော်ပြခဲ့သည်။ ယင်းသည် လိုရာဆွဲဖော်ပြခြင်းဖြစ်ပြီး၊ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် ယုံကြည်မှုလျော့နည်းစေသည်။ တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာတင်းမာမှုများဖြစ်စေသော အေအေအကြမ်းဖက်အဖွဲ့၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အစီရင်ခံစာတွင် လျှော့ပေါ့ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အစီရင်ခံစာသည် အစိုးရကို ဆန့်ကျင်သည့် အခြားလက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်း လျှော့ပေါ့ဖော်ပြထားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံတင်ပြချက်များသည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ရန် သိသာစွာ ဦးတည်ထားသည်။ အပြန်အလှန်ဆွေးနွေးပွဲတွင် အထူးအစီရင်ခံစာတင်သွင်းသူသည် အဖျက်အမှောင့် သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် NUG နှင့် ဆက်နွယ်သော အကြမ်းဖက် PDF အဖွဲ့များ၏ စွပ်စွဲမှုများနှင့် ပုံဖော်ပြောဆို ဝါဒဖြန့်မှုများကိုသာ သံယောင်လိုက် ပြောဆိုထားသည်။ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ အပြစ်မဲ့အရပ်သား ၇,၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အထူးအစီရင်ခံစာတင်သွင်းသူသည် တရားမဝင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ရှုတ်ချရမည့်အစား ယင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကို တိုက်တွန်းလျက်ရှိရာ၊ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည်။

အထူးအစီရင်ခံစာတင်သွင်းသူက ထုတ်ပြန်ထားသည့် တာဝန်မဲ့သော အစည်းအဝေးစာရွက်စာတမ်းများတွင် တရားဝင်ဘဏ်လုပ်ငန်းများသည် စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့နေသယောင် လွဲမှားစွာဖော်ပြထားရာ၊ အထင်အမြင်လွဲမှားမှုများ နက်ရှိုင်းစွာဖြစ်ပေါ်စေသည်။ ယင်းစာရွက်စာတမ်းများတွင် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ကို လျစ်လျူရှုလျက် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် မျှတမှုကင်းမဲ့စွာ တောင်းဆိုထားသည်။

အိုအိုင်စီက မကြာသေးမီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုအပါအဝင် ယခင်လူ့အခွင့်အရေးကောင်စီအစည်းအဝေးများ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုအသီးသီးသည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်၏ အဓိကအကြောင်းရင်းကိုဖော်ပြရန် ပျက်ကွက်သည်။ ယင်းပျက်ကွက်မှုက အဆိုပါဆုံးဖြတ်ချက်အဆိုများသည် ပြဿနာအား အဓိပ္ပာယ်ရှိစွာ စိတ်ရင်းမှန်ဖြင့်ဖြေရှင်းရန် ရည်ရွယ်ချက်ကင်းမဲ့သည်ကို ပြသနေသည်။

အစိုးရသည် ၂ဝ၂၅ ခုနှစ်တွင် လွတ်လပ်ပြီး မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကာ၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့်သာယာဝပြောရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ကွင်းဆင်းလေ့လာရေး၊ ခရီးသွားလာရေးနှင့် ဝန်ထမ်းများနေရာရွှေ့ပြောင်းရေးတို့ကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံတည်းအပေါ်ဦးတည်သည့် လုပ်ပိုင်ခွင့်များနှင့် ဆုံးဖြတ်ချက်အဆိုများ၊ ယင်းတို့၏ နောက်ဆက်တွဲ အပြန်အလှန်ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူမပြုသဖြင့် မြန်မာနိုင်ငံက အစဉ်တစိုက် ဆန့်ကျင်သည်။ မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘက်မလိုက်ရေးအခြေခံမူများကို ကျင့်သုံးရန်နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်ရေးတို့အတွက် စစ်မှန်သည့် ကြိုးပမ်းမှုများကို ဟန့်တားခြင်းမပြုရန် တောင်းဆိုသည်။

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူတို့၏ အပြန်အလှန်ဆွေးနွေးပွဲများနှင့် အိုအိုင်စီက တင်သွင်းသည့် ဆုံးဖြတ်ချက်အဆိုတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်အသီးသီးကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့တို့၏ အင်တာနက်စာမျက်နှာများတွင် လေ့လာကြည့်ရှုနိုင်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။