လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို့ အသိပေးတင်ပြခြင်း
လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို့ အသိပေးတင်ပြခြင်း
Ministry of Information/ Naypyitaw / May 21, 2026
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့မှစတင်ပြီး အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်အထိ နေ့စဉ် ယူနစ် ၁ဝ သန်းခန့်အထိ တိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။

၂။ တိုးမြင့်ရရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတစ်ဝန်းရှိမြို့နယ်များသို့ အချိုးကျတိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေ့စဉ် ယူနစ် (၅၉.၄) သန်း ဖြန့်ဖြူးပေးနေရာမှ ယူနစ် (၇၀) သန်းအထိ တိုးမြှင့်လာ ခြင်းဖြစ်ပါသည်။
၃။ လျှပ်စစ်သုံးစွဲမှု အမြင့်ဆုံးကာလများဖြစ်သည့် ၂၀၂၆ ခုနှစ် ဧပြီလနှင့် မေလတို့အတွက် ဖြန့်ဖြူး ပေးနိုင်ခဲ့မှုကို ၂၀၂၅ ခုနှစ် ဧပြီလ၊ မေလတို့နှင့်နှိုင်းယှဉ်ပါက သိသာစွာတိုးမြှင့်ဖြန့်ဖြူးနိုင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။


၄။ ပူပြင်းသည့် ယခုအချိန်အခါများတွင် သုံးစွဲမှုမှာ သိသာစွာတိုးမြှင့်လျက်ရှိသဖြင့် နေရာဒေသအလိုက် အလှည့်ကျ အချိန်ပိုင်းဝန်အားလျှော့ချ၍ ဆောင်ရွက်နေရပါသည်။ သို့ဖြစ်ရာ လျှပ်စစ်မီး ပြန်လည်ပေးဝေသည့်အချိန်များတွင် တစ်ပြိုင်တည်း ရယူသုံးစွဲကြသဖြင့် Starting Load များမြင့်တက်ပြီး ဓာတ်အားပြတ်တောက်ခြင်းအပြင် မမျှော်မှန်းနိုင်သည့်အခြေအနေများဖြစ်သည့် မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မြေပြိုခြင်းများ စသည့်အခြေအနေများကြောင့် အချိန်ပိုင်း ဓာတ်အားပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေလျက်ရှိပါသည်။
၅။ ယင်းဖြစ်စဉ်များ လျော့နည်းပပျောက်သွားစေရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိနေပြီး ဒေသအလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၏ ဝန်အားနိုင်နင်းမှုအပေါ်မူတည်ပြီး ပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၆။ ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG ဖြင့် ဓာတ်အားရယူထားသော စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများသို့ အချိန်ပြည့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပြီး ရုံးပိတ်ရက်များတွင် အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးလျက်ရှိပါသည်။
၇။ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားပြုန်းတီးမှုမဖြစ်ပေါ်စေရေး တစ်ဦးချင်းအနေဖြင့် စနစ်တကျသုံးစွဲရန် လိုအပ်မည်ဖြစ်သကဲ့သို့ ရည်ရွယ်ချက်ရှိစွာ လျှပ်စစ်ဓာတ်အား ပြုန်းတီးမှုဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှုများကို တိကျစွာတိုင်ကြားလာမှုများအပေါ် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုရက်သတ္တပတ်အတွင်း တိုင်ကြားသူများ ကျေနပ်မှုရှိသည်အထိ ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်းဖြင့် ပြည်သူများ ဓာတ်အားတိုးမြှင့်ရရှိစေလျက်ရှိပါသည်။
၈။ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လေလွင့်ဆုံးရှုံးမှုများ လျော့နည်းလာခြင်းဖြင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ပိုမိုရရှိလာကြမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အားစနစ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် ပြည်သူများနစ်နာစေမှုများ တွေ့ရှိရပါက ဖော်ပြပါ Call Center များသို့ အကြံပြုခြင်း၊ တိကျစွာ တိုင်ကြားခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်-
- လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်) - ၀၆၇-၃၄၁၀၀၇၂
- ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) - ၁၇၁၇
- မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) - ၁၆၁၆၊ ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot line)
- ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ - ဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော http://www.moep.gov.mm တွင် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို ရယူ၍ဆက်သွယ်နိုင်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
