လွတ်လပ်ရေးရည်မှန်းချက် ရလဒ်များ တန်းတူခံစား
လွတ်လပ်ရေးရည်မှန်းချက် ရလဒ်များ တန်းတူခံစား
Ministry of Information/ Naypyitaw / January 01, 2022
လွတ်လပ်သောနိုင်ငံတွင် မွေးဖွားရှင်သန်လာသော ကျွန်ုပ်တို့အဖို့ “လွတ်လပ်ရေး” ဟူသော ဝေါဟာရစကားလုံးသုံးလုံးကို သိရှိကြသော်လည်း ထိုစကားလုံးသုံးလုံး၏အနှစ်သာရ၊ အဓိပ္ပာယ်၊ တန်ဖိုးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထဲထဲဝင်ဝင်သိရှိကြသူ နည်းပေလိမ့်မည်။ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသားများအဖို့ လွတ်လပ်ရေး၏အဓိပ္ပာယ်ကို သိရှိကြရန်လိုအပ်ပေသည်။
လွတ်လပ်ရေးဟူသည် နိုင်ငံတော်သီချင်းတွင် ဖော်ပြပါရှိသည့်အတိုင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်း၊ ဝါဒဖြူစင်ခြင်းတို့နှင့် ပြည့်စုံခြင်း ဖြစ်သည်။ လွတ်လပ်ရေးမရမီ တိုင်းတစ်ပါးလက်အောက် နယ်ချဲ့စနစ်အုပ်ချုပ်ခံ ဘဝ၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ အခွင့်အရေးတန်းတူညီမျှရရှိခြင်းတို့နှင့် ဝေးကွာပြီး တိုင်းတစ်ပါးနယ်ချဲ့တို့၏အလိုကျ အုပ်ချုပ်သည့် ဥပဒေအောက်တွင် နေထိုင်ကြရ၍ လွတ်လပ်ရေး၏အနှစ်သာရ၊ အဓိပ္ပာယ်တို့ ပျောက်ကွယ် ခဲ့ရသည်။
လွတ်လပ်ရေးရသောအခါ များလူခပ်သိမ်း ငြိမ်းချမ်းသာယာဝပြောစေသည့် အခွင့်အရေးတန်းတူ ညီမျှရရှိသည့် မွန်မြတ်ကောင်းမွန်သောဝါဒ၊ တန်းတူညီမျှ အခွင့်အရေးရသောဥပဒေအောက်တွင် နေထိုင်ကြရသည်။ လွတ်လပ်သော နိုင်ငံသားတို့သည် ရရှိလာသောလွတ်လပ်ခွင့်များနှင့် ကျေနပ်နေ၍မရပေ။ လွတ်လပ်သောနိုင်ငံ၏ မျှော်မှန်းခဲ့သောပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရေး ကြိုးစားအားထုတ်ကြရန် တာဝန်ရှိပေသည်။ ပန်းတိုင်သို့ရောက်ရှိနိုင်ရန် ကြိုးပမ်းအားထုတ်မှသာ လွတ်လပ်သောနိုင်ငံအဖြစ် ထိုက်တန်ပေမည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးရရှိသောနေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်တွင် အတိအလင်းကြေညာခဲ့သောပန်းတိုင်များမှာ အစဉ်ထာဝရ ရှုမြင်သုံးသပ်ဆောင်ရွက်ရမည့် ကျွန်ုပ်တို့၏မူလရည်ရွယ်ချက်၊ ဝါဒ၊ ပန်းတိုင်များ ဖြစ်သည်။ ထိုဝါဒသည် တိုင်းပြည်အတွင်း ရှိရှိသမျှသော ပြည်သူပြည်သားအားလုံးတို့ကို ကျောသား၊ ရင်သားမခွဲခြားဘဲ ပြည့်ဝချမ်းသာစေလိုသောဝါဒဖြစ်သည်။ လူအတန်းအစား မခွဲခြားဘဲ အားလုံးပြည်သူအများ ကြွယ်ဝချမ်းသာမှသာလျှင် နိုင်ငံကောင်း၊ နိုင်ငံမြတ်ဟု ဆိုထိုက်သည်။
နိုင်ငံတစ်ဝန်းငြိမ်းချမ်းသာယာဝပြောစေရန်နှင့် တိုင်းပြည်ပြန်လည်ထူထောင် တည်ဆောက်ကြရန် ကိစ္စအ၀၀တို့ကို စနစ်တကျရေးဆွဲထားသော စီမံကိန်းများဖြင့် လျင်မြန်စွာထမြောက်အောင်မြင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်သည်။ မြန်မာပြည်သူပြည်သားတို့သည် နိုင်ငံတော်ကို မိမိတို့၏အင်အားဖြင့် အန္တရာယ်ရန်စွယ်များမှ ကာကွယ်နိုင်ရန် တိုင်းရင်းသားပြည်သူများပါဝင်သည့် ခေတ်မီ တပ်မတော်ကြီးတည်ဆောက်နိုင်ရန် ရည်မှန်းခဲ့သည်။ အခြားနိုင်ငံများနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံပြီး နိုင်ငံတော်၏နယ်နိမိတ်ကိုလည်း မည်သည့် နိုင်ငံကမျှ ကျူးကျော်စွက်ဖက်မခံဘဲ ရပ်တည်နေထိုင်ခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာဝပြောရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ ပပျောက်အောင်ပြည်သူပြည်သားများ၏ အကူအညီနှင့် လုံလောက်သောအာဏာကို သုံးစွဲမည်ဟု သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်ခဲ့သည်။ တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ အခွင့်အရေး၊ ဘဝတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက် ရေးတို့လည်းပါဝင်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ တစ်ဦးကိုတစ်ဦး ကြောက်ရွံ့ခြင်း၊ တစ်ဦးကိုတစ်ဦး နှိပ်စက်ခြင်းမှစ၍ မကောင်းသောအလေ့ဆိုးများကို လုံးဝဖျောက်ဖျက်ရန် သန္နိဋ္ဌာန်ချခဲ့သည်။ မျှော်မှန်းခဲ့သော လွတ်လပ်ရေးရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ရာ မျှော်မှန်းသလို အပြည့်အဝမရရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံရေး၊ ဝါဒရေး၊ အယူအဆရေး ကွဲလွဲမှုများကြောင့် တစ်ဦးနှင့်တစ်ဦး ရန်ဘက်ခင်း၍ အမုန်းသံသရရာ၊ ပဋိပက္ခသံသရာတို့ အဆုံးမသတ်နိုင်ဘဲရှိနေသေးသည်။ အကျိုးရလဒ်မှာ ပြည်ထောင်စုသားချင်းများ အေးချမ်းသာယာသောဘ၀၊ သူတစ်ပါးနှင့်တန်းတူနေထိုင်နိုင်သော ဘဝတို့နှင့် အလှမ်းဝေးနေသေးသည်။ လွတ်လပ်ရေး၏မျှော်မှန်းထားသော ပန်းတိုင်သို့ အရောက်မလှမ်းနိုင်ပါလျှင် လွတ်လပ်ရေးသည် မည်ကာမတ္တလွတ်လပ်ရေးဘဝဖြင့် သံသရာရှည်နေမည်။ လွတ်လပ်ရေးအသီးအပွင့်များကို အားလုံးတန်းတူညီမျှ အတူတကွမခံစားရဘဲ ရှိနေသေးမည်။ ပဋိပက္ခနယ်ပယ်အတွင်းမှ ပြည်သူများမှာ လွတ်လပ်ရေး၏ အကျိုးရလဒ်များနှင့် ကင်းဝေးနေသည်။
သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်း တူညီရမည့် ပြည်ထောင်စုနိုင်ငံတော်ကြီးတွင် ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီးသစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်လျက် ငါတို့နိုင်ငံလွတ်လပ်ရေးကို ငါတို့လေးစား၊ ငါတို့နိုင်ငံကို ငါတို့ချစ်မြတ်နိုးပြီး ငြိမ်းချမ်းသာယာဝပြောသောနိုင်ငံဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။ ။