လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်


Ministry of Information/ Naypyitaw / October 10, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ကျေးရွာအုပ်စု၊ ကဒစ်ကျေးရွာ၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာနှင့် တိုက်ကြီးမြို့နယ်၊ ဖလုံကျေးရွာအုပ်စု၊ စပါးကိုင်းကျေးရွာတို့၌ အောက်တိုဘာလ ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်သည့်နေရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ မော်တော်ယာဉ်များသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုများကို ယနေ့တွင် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ အောက်တိုဘာလ ၇ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းကူညီပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၁၁၉) စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။