ဝေးဝေးနေပါ၊ လက်ဆေးပါ

ဝေးဝေးနေပါ၊ လက်ဆေးပါ

Ministry of Information/ ​နေပြည်တော် / April 01, 2020


ကမ္ဘာတစ်ခွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ရှစ်သိန်းကျော်သွားပြီဟု နိုင်ငံတကာ သတင်းတစ်ရပ်တွင် တွေ့ရသည်။ ရောဂါကူးစက်မှု၏ ဗဟိုချက်ကလည်း ဥရောပဖြစ်လာသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးက မိမိတို့ထင်ထားသည်ထက်ပို၍ အစွမ်းထက်သလို ပို၍အန္တရာယ်လည်း ကြီးနေသည်ဟု အမေရိကန်ပြည်ထောင်စုမှ ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဦးကလည်း မှတ်ချက်ချသည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ ထူးခြားချက်များကြောင့် ပါဝါကြီးသလို အန္တရာယ်လည်း ကြီးနေရခြင်းဖြစ်သည်ဟု ကျန်းမာရေးပညာရှင်များကလည်း အသိပေးကြသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီးသည့်နောက်တွင် အခြားရောဂါပိုးများနှင့် နှိုင်းယှဉ်ပါက ရောဂါအစပျိုး လက္ခဏာပေါ်ပေါက်ရန် အချိန်ကြာမြင့်သည်။ အခြားရောဂါ များက တစ်ရက်၊ နှစ်ရက်မျှနှင့် ရောဂါလက္ခဏာပြသော်လည်း ကိုဗစ်-၁၉ ကမူ ရက်သတ္တနှစ်ပတ်ခန့် လောက်အထိ ကြာမြင့်တတ်သည်။ သို့ဖြစ်ရာ ရောဂါလက္ခဏာမပြမချင်း ပကတိ ကျန်းမာနေသူ တစ်ဦးအဖြစ် ပုံမှန်အတိုင်း သွားလာနေထိုင်နိုင်ကြသည်။ ယင်းသို့ သွားလာနေထိုင်ရင်းမှပင် နောက်ထပ် လူများကို ရေရောဂါပိုး ကူးစက်စေနိုင်ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးက လူ့ခန္ဓာကိုယ်ထဲ ရောက်ရှိသွားသည်နှင့် လျင်မြန်စွာ ပွားသွားသည်ဟု လည်း ဆိုသည်။ ရောဂါပိုး ကူးစက်ခံထား ရသူတစ်ဦး နှာချေ၊ ချောင်းဆိုးခြင်း၊ အသက် ရှူထုတ်လိုက်ခြင်းတို့မှ ဗိုင်းရပ်စ်ပိုးများက လေထုထဲနှင့် ပတ်ဝန်းကျင်တို့သို့ ပျံ့နှံ့ကျရောက် သည်။ သို့ဖြစ်၍ လူတစ်ဦးနှင့်တစ်ဦး သာမန်အားဖြင့်ဆိုလျှင် အနည်းဆုံး သုံးပေခန့် ခွာပြီးနေမှ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပြီး နှာချေ၊ ချောင်းဆိုးနေသူနှင့် ခြောက်ပေ ထက်မနည်း ကွာဝေးစွာနေခြင်း၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ခြင်းတို့ဖြင့်သာ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ရာ ယခုကာလတွင် လူတစ်ယောက်နှင့်တစ်ယောက် ဝေးလေကောင်းလေဟု ဆိုရမှာဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက်ဟု ဆိုရာတွင် မိသားစုအတွင်းမှာပင် ကျန်းမာရေးအသိ၊ သတိတို့ဖြင့် ခပ်ခွာခွာနေကြဖို့ ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးနှင့်တစ်ဦး ဝေးဝေး နေခြင်းအပြင် လက်ဆေးခြင်းကလည်း အထူးအရေးပါသည်။ လက်နှစ်ဖက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် စနစ်ကျနစွာ စက္ကန့် ၂၀ ကြာ ဆေးကြောခြင်းက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကိုသာမက အခြားတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးများကူးစက်မှုကိုပါ ကာကွယ်နိုင်သည့် အမူအကျင့် ကောင်းတစ်ရပ်ဖြစ်သည်။ ရောဂါပိုးမွှားများ ကျရောက်တွယ်ကပ် နေတတ်သည့် အသုံးအဆောင်၊ ကိရိယာများ၊ ပရိဘောဂများ၊ တံခါးလက်ကိုင်၊ ကွန်ပျူတာ ကီးဘုတ်နှင့် မောက်စ်၊ ဖုန်းစသည့် အရာဝတ္ထုများကို လက်ဖြင့် ကိုင်တွယ်မိပြီး ထိုလက်ဖြင့်ပင် မိမိ၏ မျက်နှာမှ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးစသည်တို့ကို ကိုင်တွယ်ပွတ်သပ်မိရာမှ ရောဂါဗိုင်းရပ်စ် ကူးစက်ခံရမှုက အများဆုံးဖြစ်ကြောင်း သုတေသနပြုမှုတို့က ဖော်ပြကြရာ လက်များကို အမှန်တကယ်သန့်စင်အောင် စနစ်တကျ ဆေးကြောကြရမှာ ဖြစ်သည်။

ဝေးဝေးနေခြင်းနှင့် လက်ဆေးခြင်းတို့ကို ပြည်သူတစ်ဦးချင်း၊ တစ်ဦးချင်းစီတို့က အသိတရရှိစွာ ပြုလုပ်ကြခြင်းအားဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်မည်ဖြစ်ပြီး ပိုမိုဆိုးရွားသည့် အခြေအနေများဆီသို့ ရောက်မသွားအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်းများစွာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့နေချိန်တွင် ရောဂါကူးစက် မခံခဲ့ ရသေးဘဲ ယင်းနိုင်ငံများ၏ ဖြစ်စဉ်များနှင့် အတွေ့အကြုံများကို လေ့လာရန်၊ သင်ခန်းစာယူရန် အခွင့်အလမ်းများရရှိခဲ့ရာ လက်ဆေးခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ဝေးဝေးနေခြင်းတို့က ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို လျော့ကျသွားစေခဲ့ကြောင်း အခြားနိုင်ငံများ၏ စံနမူနာကိုယူကာ လူတိုင်း ကိုယ်စီ လိုက်နာဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။