သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / March 10, 2026
image_latest


နေပြည်တော် မတ် ၉

သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အမရာဟိုတယ်၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက သက်ကြီးပုဂ္ဂိုလ်များ၏ စကားသံများကို နားထောင်ပြီး လိုအပ်သော ပံ့ပိုးမှုများ ဆောင်ရွက်နိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်း သက်ကြီးပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်စေရန်၊ သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကို ပြသနိုင်စေရန်နှင့် သက်ကြီးများအချင်းချင်း တွေ့ဆုံခြင်းဖြင့် အတွေ့အကြုံများ မျှဝေနိုင်စေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်မြို့၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက်တွင်လည်းကောင်း ကျင်းပခဲ့ပြီး ယခုနေပြည်တော်၌ တတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်ရေးလုပ်ငန်းများကို ဘိုးဘွားရိပ်သာ အခြေပြုစောင့်ရှောက်ခြင်း၊ ရပ်ရွာအခြေပြုစောင့်ရှောက်ခြင်းနှင့် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ်စောင့်ရှောက်ခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ကြီးသူများသည် နိုင်ငံတော်က အလေးထားတန်ဖိုးထားရသော အတွေ့အကြုံများစွာရှိသော နိုင်ငံသားများဖြစ်ကြပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲမှရရှိလာမည့် အကြံပြုချက်များနှင့် ဆွေးနွေးချက်များကိုအခြေခံ၍ သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ကြီးပုဂ္ဂိုလ်များစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သက်ကြီးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ လူမှုအသိုင်းအဝိုင်းအတွင်း သက်ကြီးပုဂ္ဂိုလ်များအား စောင့်ရှောက်မှု၊ အခြေခံပံ့ပိုးမှုများအပေါ် လက်လှမ်းမီမှုနှင့် အတွေ့အကြုံများကို အုပ်စုလိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်