သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်
သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / January 08, 2025
တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၇-၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသန စာတမ်းရှင်များနှင့် စီမံကိန်းဧရိယာမှ ဒေသခံများ တက်ရောက် ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက တနင်္သာရီသဘာဝကြိုးဝိုင်းသည် အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature- IUCN)၏ အမျိုးအစားအဆင့်သတ်မှတ်ချက်အရ တားမြစ်သဘာဝထိန်းသိမ်းရေးနယ်မြေ အမျိုးအစားတွင်ပါဝင် ကြောင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖွဲ့စည်းခဲ့သော သဘာဝကြိုးဝိုင်းဖြစ်ပြီး အပူပိုင်းမုတ်သုံမိုးသစ်တောကြီးများပေါက်ရောက်ရာ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝသော ကြိုးဝိုင်းတစ်ခုဖြစ်ကြောင်း၊ သုတေသနစာရင်းကောက်ယူမှုများအရ မြန်မာနိုင်ငံ တွင် တွေ့ရှိရသည့် ဇီဝမျိုးစုံမျိုးကွဲ စုစုပေါင်း၏ အမျိုးအစားအလိုက် ၁၁ ရာခိုင်နှုန်းမှ ၄၇ ရာခိုင်နှုန်း ခန့်အထိရှိပြီး ကမ္ဘာပေါ်တွင် ရှားပါးပြီး မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသည့် သတ္တဝါမျိုးစိတ်နှင့် အပင်မျိုးစိတ်များစွာပါဝင်ကြောင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ အဓိကရည်ရွယ်သည့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရေးနှင့် ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေ ရေးဖြစ်ကြောင်း၊ စီမံကိန်းကာလ နှစ် ၂၀ အတွင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနစာတမ်း ၃၅ စောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ ကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ တနင်္သာရီသဘာဝ ကြိုးဝိုင်းသည် တောရိုင်းတိရစ္ဆာန်များ မှီတင်းနေထိုင်ရာ နေရင်းဒေသ တစ်ခုဖြစ်ရုံသာမက ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးရေးကို ယှဉ်တွဲအကောင်အထည်ဖော် နိုင်ကြောင်းပြသနေသည့် ပြယုဂ်တစ်ခုလည်းဖြစ်သည့်အတွက် ရေရှည်တည်တံ့အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုဆုများအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အစီအစဉ်အား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ နှစ် ၂၀ ပြည့် အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအားပြသကာ ဂုဏ်ပြုတေးသရုပ်ဖော်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားအား ရုပ်သိမ်းသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းကာလအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများဆိုင်ရာပိုစတာများနှင့် သုတေသနစာတမ်းဆိုင်ရာပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တနင်္သာရီသဘာဝကြိုးဝိုင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆောင်ရွက်ရမည့် အခွင့်အလမ်းကောင်းများ ဖော်ထုတ်ခြင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲနှင့် စကားဝိုင်းဆွေးနွေးခြင်းအား ဆက်လက်ကျင်းပရာ သုတေသနစာတမ်းရှင်များက ကဏ္ဍအလိုက် စာတမ်းများဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။