သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Ministry of Industry/ Ministry of Industry / August 18, 2023


နေပြည်တော်၊ ဩဂုတ် (၁၅)
    သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများပံ့ပိုးပေးနိုင်ရေး  ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအတွင်းရေးမှူး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတ္ထုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းတို့မှတာဝန်ရှိသူများ၊ MSME သတ္တုလုပ်ငန်းရှင်များ၊ သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
    အစီအစဉ်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့သို့ သွားရောက်၍ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်(၂၃၀)ခုနှင့်ပတ်သက်၍ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၏ စုပေါင်းအင်အားနှင့် ပူးပေါင်းပံ့ပိုး ဖြေရှင်းပေးလျက်ရှိကြောင်း၊ ယခု ညှိနှိုင်းဆွေးနွေးပွဲသည် ခရီးစဉ်အတွင်း၌ ပဲခူးတိုင်းဒေသကြီးရှိ MSME လုပ်ငန်းရှင်များ တင်ပြခဲ့သည့် လိုအပ်ချက်များနှင့်ပတ်သက်ပြီး ပူးပေါင်းပံ့ပိုးပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ရာခိုင်နှုန်း(၉၀)ကျော်ပါဝင်လျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟုပါရှိသဖြင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် ပြောင်းလဲနေသည့် ဈေးကွက်လိုအပ်ချက် များကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်ပြောင်းလဲနိုင်စွမ်းရှိကြောင်း၊ စက်မှု ကုန်ထုတ်လုပ်ငန်းများသည် အရေးပါသော စီးပွားရေးလုပ်ငန်းများဖြစ်မည်ကို တွေ့ရကြောင်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းအားဖြင့် ပုဂ္ဂလိကကို ဗဟိုပြုသည့် စီးပွား‌ရေးလုပ်ငန်းများကို အားပေးခြင်းလည်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတိုင်းသည် စီးပွားရေးနှင့်ပတ်သက်၍ အချို့‌သောကဏ္ဍများတွင် အစိုးရမှပါဝင်ဆောင်ရွက်ပေးနေရသည့်အတွက် မိမိတို့နိုင်ငံတွင်လည်း နိုင်ငံ၏အခြေအနေအရ လိုအပ်သည့် အခန်းကဏ္ဍများ၌ အစိုးရအနေဖြင့် ပူးပေါင်းပါဝင် ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်သည့်အတွက် ယခုဆွေးနွေးပွဲကို  စုစည်းပေါင်းစပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို ဈေးကွက်စီးပွားရေးနှင့်အညီ မူဝါဒများချမှတ်ပေးခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ်ပေးခြင်း၊ ကုန်သွယ်မှုသဘောတူညီချက်များရရှိရေးဆောင်ရွက်ပေး ခြင်း စသည့် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြုပ်နှံမှုအခြေအနေကောင်းများ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်လိုအပ်ချက်ကို မျှော်မှန်းထုတ်လုပ်သော ကုန်ထုတ်လုပ်မှုဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာရှိ MSME သတ္တုလုပ်ငန်းရှင် များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များမှ တင်ပြတောင်းဆိုထားသော ဘီယာစွန့်ပစ် ပစ္စည်းများ၊ ကားနံပါတ်စွန့်ပစ်သတ္တုပြားများ၊ သတ္တုတွင်စာ၊ သတ္တုချော်ချီးနှင့် အခြား စွန့်ပစ်သံ/ဒန်သတ္တုများစသည့် ကုန်ကြမ်းပစ္စည်းများကို ပံ့ပိုးပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်  ကွန်ရက်ချိတ်ဆက်၍ ပူးပေါင်းဆွေးနွေး အဖြေရှာနိုင်ကြရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းကြီးများမှ ထွက်ရှိသည့် Metal Waste များကို MSME လုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်ဖြစ်သည့်အတွက် Metal Waste ထွက်သည့် သက်ဆိုင်ရာလုပ်ငန်း/ဌာနများအနေဖြင့် အသေးစိတ်ဆွေးနွေးပေးကြစေလိုကြောင်း၊ ယခု ဆွေးနွေးမှုကဲ့သို့ အလားသဏ္ဍာန်တူ ပူးပေါင်းဆွေးနွေးအဖြေရှာနိုင်ခဲ့သဖြင့် အင်းလေး ဒေသရှိ မိရိုးဖလာ ဓား၊ ကတ်ကြေးလုပ်ငန်းများဖြစ်သည့် MSME ပန်းပဲလုပ်ငန်းများ အတွက် လိုအပ်နေသော ကုန်ကြမ်းလေးသံများကိုလည်း အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) မှ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုခြင်းဖြင့် Reduce, Reuse, Recycle & Recover ဆိုသည့် 4R Principle နှင့်အညီ ထုတ်ကုန်ပစ္စည်း အဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အသုံးမဝင်၍ ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်းများကို Recycle ပြုလုပ်ပြီး ကုန်ကြမ်းအဖြစ် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း၌ Reuse ပြန်လည်အသုံးပြုခြင်းအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်သလို သဘာဝ စွမ်းအင်များကိုလည်း ချွေတာရာရောက်ပါကြောင်း၊ Recycle ပြုလုပ်ခြင်းအားဖြင့် အမှိုက် သရိုက်များကို လျှော့ချပေးပြီးဖြစ်သည့်အတွက် ပတ်ဝန်းကျင်အတွက်လည်း အကျိုးရလဒ် ကောင်းများရစေကြောင်း၊ စွန့်ပစ်လိုက်သည့်ပစ္စည်းများမှ အသုံးဝင်သော Resource များ အဖြစ် Recover ဖြစ်လာခြင်းအားဖြင့် Natural Resource များကို ချွေတာရာရောက်၍ ဂေဟဗေဒစနစ်ကို အထောက်အကူပြုပြီးဖြစ်ကြောင်း၊  အချိုရည်ဘူးခွံများနှင့် စည်သွတ်ဘူးခွံ များကဲ့သို့ သတ္တုပစ္စည်းများကို Recycle လုပ်ခြင်းသည် စွမ်းအင်အသုံးပြုရမှု များစွာချွေတာရာ ရောက်ကြောင်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းသည် သဘာဝအရင်းအမြစ် အများအပြား အသုံးပြုရသောကြောင့် သတ္တုစွန့်ပစ်ပစ္စည်းများအား စနစ်တကျ “Recycle”  ပြုလုပ်ခြင်း သည် သဘာဝအရင်းအမြစ်များကို ကာကွယ်ရာရောက်ကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက် လာသည့် အေဂျင်စီအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များအနေဖြင့် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း၊ ယခုညှိနှိုင်းအစည်း အဝေးမှ ကောင်းမွန်သည့်ရလဒ်များထွက်ရှိမည်ဟု  ယုံကြည်ပါကြောင်း၊ ဆွေးနွေးမှုရလဒ် များနှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်မှုများကြောင့် ကုန်ကြမ်းများကို ပြည်တွင်း၌ ဈေးနှုန်းသက်သာစွာဖြင့် ရရှိလာမည်ဖြစ်ကြောင်း၊ ထုတ်ကုန်များကို ပြည်တွင်းတွင် ကုန်ကျစရိတ်သက်သာစွာနှင့် လုံလောက်စွာ ထုတ်လုပ်လာနိုင်မည်ဖြစ်၍ ကုန်ကြမ်းများကို ပြည်ပမှတင်သွင်းမှုများ လျှော့ချနိုင်ပြီး MSME များ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ နိုင်ငံအတွက်အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
    ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပဲခူးတိုင်းဒေသကြီးအတွက် လာရောက်၍ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် လုပ်ငန်းရှင်များမှ သံ၊ သတ္တုပုံလောင်းလုပ်ငန်းများ အတွက် လိုအပ်သော နည်းပညာနှင့် ကုန်ကြမ်းများကို ပံ့ပိုးဖြည့်ဆည်းပေးရန် တင်ပြခဲ့ ကြောင်း၊ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်မှုဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သံ၊ သတ္တုပုံလောင်းလုပ်ငန်းများအတွက် လိုအပ်သောနည်းပညာများကို သင်တန်း(၂)ကြိမ် ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ နည်းပညာဖြန့်ဝေခြင်းသင်တန်း တတိယ အကြိမ်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကဝမြို့နယ်၊ သပြုကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်သုံး စက်ပစ္စည်းများ၊ အသံချဲ့ စက်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ရေယာဉ်ပန်ကာ၊ အပ်ချုပ်စက်နှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်၍ ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိသဖြင့် ပြည်သူ (၅၀၉)ဦးခန့်ကို အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နည်းပညာပံ့ပိုးမှု များကြောင့် သံနှင့်ဒန်သတ္တု အရည်ကျိုလုပ်ငန်းများသည် အပူဒဏ်ပိုမိုခံနိုင်သည့် သဲပွင့်ဖြူ ပိုမိုပါဝင်သည့် သဲအမျိုးအစားများကို ပြောင်းလဲအသုံးပြုလာနိုင်ခြင်း၊ သတ္တုအရည်ကျိုရာ တွင် လိုအပ်သည့် ဓာတုပစ္စည်းများ အချိုးကျရောစပ်သဖြင့် အညစ်အကြေးများကို ပိုမို သန့်စင်စေခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ မျက်နှာပြင်ပိုမိုချောမွေ့လာစေခြင်း၊ အရည်အသွေး ပိုမိုကောင်းမွန်စေခြင်း၊ သံရည်ကျိုပြုလုပ်ရာတွင် သတိပြုရမည့်အချက်များကို သိရှိလာ ခြင်း၊ ထုတ်ကုန်များပျက်စီးမှုနည်းလာ၍ စီးပွားရေးတွက်ခြေကိုက်ခြင်း စသည့် အကျိုး ကျေးဇူးများရရှိခဲ့ကြောင်း၊ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများ ကိုလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးပေး ထားကြောင်း၊ သံ၊ သံသတ္တု သံရည်ကျိုပုံလောင်းလုပ်ငန်းများအတွက် လိုအပ်သော စမ်းသပ်ပစ္စည်းကုန်ကြမ်းများရရှိရေးအတွက် MSME အေဂျင်စီမှ ဆက်စပ်ဝန်ကြီးဌာန များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး MSME အေဂျင်စီ အနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
    ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပံ့ပိုးဆောင်ရွက်နေမှု များအားလည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ ဒါန်သတ္တုကုန်ကြမ်း ပံ့ပိုးပေးနိုင်မှုအခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

HOT NEWS
January 4,