သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / October 31, 2024
နေပြည်တော် အောက်တိုဘာ ၃၀
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်းသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက် တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်ထားရှိကြောင်း၊ ယခုအစည်းအဝေးတွင် ရည်မှန်းထားသည့်အချိန်ကာလတွင် ပြန်လည်တည်ဆောက်မှုမပြီးနိုင်သည့် လုပ်ငန်းများရှိပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ချက်များ တင်ပြရန်ဖြစ်ကြောင်း၊ မိုးလေဝသကြိုတင်ခန့်မှန်းချက်အရ ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများအား တုံ့ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီများအလိုက်၊ ဒေသအလိုက် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရေဘေးပြန်လည်ထူထောင်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြကြရာတွင် အချက်အလက်များ ပြည့်ပြည့်စုံစုံဖြင့် ဖော်ပြကြစေလိုပါကြောင်း၊ ဌာနဆိုင်ရာအဆောက်အဦးများ ပြုပြင်ဆောင်ရွက်ရာတွင် သင့်လျော်သည့်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်အစီအမံများကို လမ်းညွှန်ချက်များနှင့်အညီ တင်ပြပေးကြရန်ဖြစ်ပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်များ အတည်ပြုတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီနှင့် အစိုးရအဖွဲ့များ ညှိနှိုင်းစိစစ်၍ ဆောလျင်စွာ ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် လက်ရှိပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများအတွက် ပြီးစီး နိုင်မည့်အခြေအနေတို့ကို ဖော်ပြတင်ပြဆွေးနွေးကြရန်တို့ကို ပြောကြားသည်။
အစည်းအဝေးတွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေကြီး/ ရေလျှံမှုဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် သေဆုံးခဲ့ရသူများ၏ မိသားစုများသို့ ထောက်ပံ့ပြီးစီးမှု၊ နေအိမ်လုံးဝပျက်စီးမှု၊ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုများသို့ ထောက်ပံ့ပြီးစီးမှု၊ ထိခိုက်ခဲ့သော စပါးစိုက်တောင်သူလယ်သမားများ၊ ငါးမွေးတောင်သူများ၊ တိရစ္ဆာန်မွေးမြူသူများသို့ ထောက်ပံ့ရေးဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်၊ ကျေးလက်၊ စည်ပင်သာယာအစရှိသည့် လမ်း/တံတားများ ပြုပြင်ဆောင်ရွက်နေမှု၊ လျှပ်စစ်၊ ဆက်သွယ်ရေးလုပ်ငန်းများ ပြုပြင်နေမှု၊ မီးရထားလမ်းပိုင်း ပျက်စီးခဲ့မှုများအပေါ် ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုများ၊ ပျက်စီးဆုံးရှုံးမှုစာရင်းဇယား ကိန်းဂဏန်းကောက်ယူစုစည်းအတည်ပြုနိုင်ရေး ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာနယ်မြေဒေသအလိုက်၊ လုပ်ငန်းဌာန၊ အဖွဲ့အစည်းအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဥက္ကဋ္ဌများက တွေ့ကြုံနေရသည့်အခက်အခဲများ၊ ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်သည်များ၊ ဖြည့်စွက်ဆောင်ရွက်ရန်များကို မေးမြန်း၊ ဖြည့်ဆည်းပေးခဲ့ကြပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ကဏ္ဍအလိုက် ပြီးစီးရေးဆောင်ရွက်ပေးကြရန်၊ ထောက်ပံ့မှုလုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရှင်းလင်းပြည့်စုံစွာ ပြုစုတင်ပြရေးနှင့် မှတ်တမ်း၊ အထောက်အထားများ စနစ်တကျထားရှိရန်တို့ကို မှာကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်