သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကျင်းပ
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကျင်းပ
Ministry of Information/ Naypyitaw / April 01, 2026
နေပြည်တော် မတ် ၃၁
သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၆၃ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၆၀ တက်ရောက်ပြီး တက်ရောက်မှု ရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြု မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယသမ္မတလောင်းများအဖြစ် အဆိုပြုလွှာများကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၃ အရ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က စိစစ်ခဲ့ရာ ပြည့်စုံမှုရှိသည်ကိုတွေ့ရှိရကြောင်း၊ ကိုယ်စားလှယ်များက အဆိုတင်သွင်းထားသည့် ဒုတိယသမ္မတလောင်းနှစ်ဦး၏ အက္ခရာစဉ်အလိုက် အမည်စာရင်းမှာ (၁) ဒေါက်တာကျော်ဆွေ တောင်တွင်းကြီးမဲဆန္ဒနယ်၊ (၂) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဖြစ်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
လွှတ်တော်သို့ အသိပေးကြေညာ
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူ တစ်ဦးထက်ပိုသည့်အတွက် ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်နိုင်ရန် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၆ အရ ဆန္ဒမဲ လက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ဆန္ဒမဲပေးပုံပေးနည်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်နိုင်ရန် ဆန္ဒမဲပေးပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ဝင်များ၏ ရှေ့မှောက်၌ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ရေတွက်သည်။
ဆက်လက်၍ ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ရန် လျှို့ဝှက်ဆန္ဒမဲပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဝင်များသည် ဆန္ဒမဲလက်မှတ်များကို တစ်ဦးချင်း လက်မှတ်ရေးထိုးထုတ်ယူပြီး သတ်မှတ်ထားသည့်နေရာတွင် လျှို့ဝှက်ဆန္ဒပြုကာ ဆန္ဒမဲပုံးများအတွင်းသို့ ဆန္ဒမဲလက်မှတ်များ ထည့်ကြသည်။
ထို့အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကလည်း ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ဝင်များနှင့်အတူ သတ်မှတ်ထားသည့် နေရာတွင် လျှို့ဝှက်ဆန္ဒပြုကာ ဆန္ဒမဲပုံးများအတွင်းသို့ ဆန္ဒမဲလက်မှတ်များ ထည့်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ(ဋ)အရ ကိုယ်စားလှယ်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက် နှင့် ဆန္ဒမဲပုံးများအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်တို့ ကိုက်ညီခြင်းရှိ /မရှိကို လွှတ်တော်၏ ရှေ့မှောက်၌ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရေတွက်စစ်ဆေးကြသည်။
အထမြောက်ကြောင်းကြေညာ
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ဝင်များကို ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက် ၂၆၀ ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၂၆၀ ဖြစ်သည့်အတွက် ကိုက်ညီမှုရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ (ဋ)၊ နည်းဥပဒေခွဲငယ်(၅)အရ ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာသည်။
ထို့နောက် ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ရန် လျှို့ဝှက်ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့ဝင်များ၏ ရှေ့မှောက်၌ ရေတွက်ကြရာ ဆန္ဒမဲပေးသည့်ဦးရေ စုစုပေါင်း ၂၆၀ ရှိသည့်အနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောက်ခံမဲ ၂၄၇ မဲ၊ ဒေါက်တာကျော်ဆွေက ထောက်ခံမဲ ၁၀ မဲရရှိပြီး ပယ်မဲ ၃ မဲ ဖြစ်သည်။
ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် ထောက်ခံဆန္ဒမဲ အများဆုံးရရှိသူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၂၂ အရ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း အတည်ပြုကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်လိုက်သည့် ဒုတိယသမ္မတ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ပြီးဆုံးကြောင်း ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
