သရက်မြို့နယ်၊ မုံဇလီကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုစစ်ဆေး
သရက်မြို့နယ်၊ မုံဇလီကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / October 14, 2024
သရက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကိုးပင်ကျေးရွာအုပ်စု၊ မုံဇလီကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ မုံဇလီကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင်ဝိုင်းဝန်းစောင့်ရှောက်ကြရန် မှာကြားသည်။
မုံဇလီကျေးရွာ၌ အရှည်ပေ ၅၅၀၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၂၈သိန်း၊ စုစုပေါင်း ငွေကျပ် ၁၇၈သိန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ် ဩဂုတ်လ ၁၃ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
