သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / July 16, 2024
သရက် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေဖြူကျေးရွာအုပ်စု၊ မုဆိုးရင်ကျေးရွာ၌ ကျေးရွာ ကုန်ထုတ်လမ်းလုပ်ငန်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင် ၁၅ရက် နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမိုးဝင်း၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဦးယုနိုင်လင်းနှင့် တာဝန်ရှိသူများက မုဆိုးရင်ကျေးရွာ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့်အတူ ကျေးရွာကုန်ထုတ်လမ်းလုပ်ငန်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ လမ်းအရှည် တစ်မိုင်၊ အကျယ် ၁၂ပေ၊ အမြင့် ကိုးလက်မ ရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၈ ဒသမ ၂၁၈သန်းဖြင့် တင်ဒါအောင်မြင်သည့် Chindwin Strategy ကုမ္ပဏီက ယခုနှစ် ဇွန်လ ၁၈ရက်က စတင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၃၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက မုဆိုးရင်ကျေးရွာရှိ အိမ်ခြေ ၁၀၈အိမ်၊ လူဦးရေ ၃၇၅ဦးတို့၏ လယ်ယာမြေများမှ ထွက်ရှိသည့် ဒေသထွက်ကုန်များ ဈေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူတင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သရက်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းထံမှ သိရသည်။
