ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


Ministry of Hotel & Tourism/ နေပြည်တော် / May 24, 2024


နေပြည်တော်၊ မေလ (၂၁)ရက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ခရီးသွားဧည့်သည်များလာရောက် လည်ပတ်စဉ် ကောင်းမွန်သောဝန်ဆောင်မှုများပေးစွမ်းနိုင်ရေး ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ စီစဉ်ကြီးကြပ်မှုဖြင့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကားပြောကြား ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အဖွင့်အမှာစကား ပြောကြားရာ၌ ယခုသင်တန်းအား ခရီးသွားလုပ်ငန်းရှိ ဧည့်ဝန်ဆောင်မှုကဏ္ဍမှ ဝန်ထမ်းများ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း(၃)မျိုး ဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းမှုသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းတို့ကို သင်ကြားပို့ချ သွားမည်ဖြစ်ပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွင်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အရည်အသွေးပြည့်ဝ သည့် ဝန်ထမ်းကောင်းများရရှိရေး အတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ၊ ဧည့်လမ်း ညွှန်သင်တန်းများနှင့် အခြားဆက်စပ်သင်တန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း။ ၎င်းအပြင် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း/သင်တန်းကျောင်းများ အသိအမှတ်ပြုမှု အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ မြှင့်တင်ကြော် ငြာရေး၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်များ စီစဉ်၍ ပြည်ပခရီးသွား တိုးတက် ဝင်ရောက်လာရေး တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းများ ကျွမ်းကျင်ဝန်ထမ်းများအဖြစ် မွေးထုတ်ပေးနိုင်ရန် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းမှာ ခရီးသွားလုပ်ငန်းစနစ် တကျရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်ပါကြောင်း။ သင်တန်းသားသင်တန်းသူများအနေနှင့် စနစ်တကျလေ့လာသင်ယူကြပြီး မိမိတို့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချနိုင်ရေးကြိုးစားကြရန်၊ လာရောက်လည်ပတ်မည့် ဧည့်သည်များကို ကောင်းမွန်သည့် ၀န်ဆောင်မှုများပေးပြီး မိမိတို့တိုင်းပြည်၏ ဂုဏ်သတင်းကောင်းများကို ကမ္ဘာက ပိုမိုကျယ်ပြန့်စွာသိရှိအောင် ဝိုင်းဝန်းကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်း ဖွင့်လှစ်ပို့ချပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

HOT NEWS
January 4,