ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / August 22, 2025


နေပြည်တော် ဩဂုတ် ၂၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းနှင့် တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန CPU အဖွဲ့ ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ ပါဝင် တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများနှင့် ဝန်ထမ်းများက အွန်လိုင်း မှတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဝန်ထမ်းများအနေဖြင့် အများ ပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ အဂတိတရားကင်းစွာဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၌ ဌာနတွင်းအဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီးဖြစ်သည့်အတွက် ဝန်ထမ်းများ အဂတိ တရားကင်းရှင်းအောင် အသိပညာပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှရသည့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အသိ ပညာများကို မိမိတို့မိသားစု၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများကို မျှဝေသွားခြင်းဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာပူပေါင်းပါဝင်ပေးကြစေ လိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဂတိလိုက်စားမှု သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေသည့်အပြင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်နိုင်ပါကြောင်း၊ အစိုးရနှင့်ပြည်သူအကြား ယုံကြည်မှုခိုင်မာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တက်ညီလက်ညီနှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ “အဂတိပယ်ခွာပြည်သာယာ” ဆောင်ပုဒ်နှင့် အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်း ခေါင်းဆောင်၍ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit– CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့်အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin