အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကျင်းပ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / December 25, 2022


မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့ နေ့လယ် ၁ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ကျင်းပပြုလုပ်ရာ ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် ရဲအရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အရာရှိကြီးများတက်ရောက်ခဲ့ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများ၊ ရဲတပ်ဖွဲ့မှူးများက Online မှ တက်ရောက်ခဲ့ကြသည်။
    ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများနှင့် တားဆီးနှိမ်နင်းရေးဆောင်ရွက် ထားမှုအခြေအနေများ၊ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များက အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ညှိနှိုင်းဆွေးနွေးနိုင်ရန် ဗဟိုအဖွဲ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ARSA အစွန်းရောက် အကြမ်းဖက်အုပ်စုသည် လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြု၍ နယ်မြေအပိုင်စီးရယူလိုသည့် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်းတွင် ပြည်သူများကို အကြမ်းဖက်ခြိမ်းခြောက်နေ သည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ အကြမ်းဖက်အုပ်စု CRPH/ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော PDF အကြမ်းဖက်အဖွဲ့များသည် ဒီမိုကရေစီအရေးဟု ကြွေးကြော် နေသော်လည်း အစိုးရအုပ်ချုပ်မှုယန္တရားများကို ပျက်ပြားစေပြီး ပြည်သူများကို ရက်စက်စွာသတ်ဖြတ် အကြမ်းဖက်ခြိမ်းခြောက်၍ ၎င်းတို့ကို ထောက်ခံမှုရရှိစေရန် နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ရည်ရွယ်ချက်မတူညီတဲ့အတွက် အကြမ်းဖက်မှုပုံစံနှင့် အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်လုပ်ဆောင်သည့်ပုံစံများ မတူညီကြောင်းနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်းအောင်ဆောင်ရွက်နိုင်ရေး၊ ပြည်သူများအတွက် လုံခြုံမှုနှင့်တရားဥပဒေ စိုးမိုးရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ခွင့်ပြုပေးထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးရန်ပုံငွေကို လုပ်ထုံး လုပ်နည်းနှင့်အညီ အကျိုးရှိအောင် သုံးစွဲနိုင်ရေး၊ ဌာနဆိုင်ရာများအားလုံးနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရန်တို့နှင့်စပ်လျဉ်း၍ ပြောကြားသည်။ 
    ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် က ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဆောင်ရွက်ချက်များနှင့် သုံးသပ်အကြံပြု တင်ပြချက်များကိုလည်းကောင်း၊ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ဆောင်ရွက်ချက်များနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ အင်တာပိုလ်၊ အာဆီယံရဲအဖွဲ့၊ နှစ်နိုင်ငံရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။
    ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တို့က တားဆီးနှိမ်နင်းရေးကဏ္ဍတွင် လုံခြုံရေးနှင့် သတင်းအချက်အလက်များရယူစုဆောင်း ပူးပေါင်း ဆောင်ရွက်ခဲ့မှုအခြေအနေ၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာ ပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သတင်းမှန်ပြန်ကြားရေး ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတို့က ပြည်သူများအကြမ်းဖက်ခံရမှု၊ နိုင်ငံပိုင်/ပုဂ္ဂလိကပိုင်အဆောက်အဦနှင့် ဈေးများ၊ အရေးကြီးပစ္စည်းများ ဖောက်ခွဲ/ဖျက်ဆီးခံရမှု၊ လျှပ်စစ်တာဝါတိုင်၊ ဖုန်းတာဝါတိုင်များ ဖျက်ဆီးခံရမှုတို့နှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး တို့တွင် ပူးပေါင်း ဆောင်ရွက်ခဲ့မှုအခြေအနေများအား ဆွေးနွေးတင်ပြကြသည်။ 
    ထို့နောက် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဗဟိုအဖွဲ့ဝင် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးများက နယ်မြေအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များ နှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို Online မှ ပါဝင်ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ 
    ဆက်လက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တားဆီးနှိမ်နင်းရေးလုပ်ငန်းများ၊ တရားစွဲဆိုရေး၊ ရန်ပုံငွေထူထောင်ရေး ဆောင်ရွက်ထားမှုများအားလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ပရောက် အကြမ်းဖက်သမားများနှင့်ပတ်သက်၍ သံတမန် နည်းလမ်းဆောင်ရွက်မှုများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
    ထို့နောက် အစည်းအဝေးတက်ရောက်လာသော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အထူးဖိတ်ကြားထားသည့် အဆင့်မြင့်အရာရှိကြီးများက ဥပဒေနှင့် နည်းဥပဒေဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ သတင်းမှန် ပြန်ကြားရေးနှင့် သတင်းတုများတိုက်ဖျက်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ 
    ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်မှုအခြေအနေများအပေါ် ကြိုတင်ကာကွယ်ရေးအစီအမံများ၊ ပြည်သူများ စိတ်အေးချမ်းသာရေးအတွက် လုံခြုံမှုနှင့်တရားဥပဒေစိုးမိုးရေးကို ထိရောက်မှုရှိအောင် စီမံဆောင်ရွက်ထားမှုများ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အကြမ်းဖက်မှုဖြစ်ပေါ်စေတဲ့ အစွန်း ရောက်မှုများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်ဖြစ်စဉ်များကို လက်ဦးမှုရယူဖော်ထုတ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်အချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီစဉ်ခွင့်ပြုပေးထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ရန်ပုံငွေအား လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိရှိ ထိရောက်စွာ အသုံးပြု နိုင်ရေး၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့များ လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်သွားရန်တို့နှင့်ပတ်သက်၍ နိဂုံးချုပ် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,