အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်
အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်
Ministry of Home Affairs/ နေပြည်တော် / March 23, 2023
အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာ နေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များပြုလုပ်ခဲ့ရာ မတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လမုန်ကျေးရွာအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးငွားဘာဒါ (၆၀)နှစ် (ဘ)ဦးလာကာသည် ကျေးရွာအနီးရှိ နောဘူးချောင်းသို့ ငါးပိုက်တန်းရန်သွားရောက်စဉ် KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးငွားဘာဒါတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ နေ့လယ် ၃ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နတ်တလင်းကျေးရွာထိပ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးသက်ခိုင်(၄၁)နှစ် (ဘ)ဦးခင်မောင်သည် ၎င်း၏ နေအိမ်မှ ကျောက်တံခါးမြို့သို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကျေးရွာထိပ်အရောက်၌ ဆိုင်ကယ်အားရပ်တန့်၍ အပေါ့သွားစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးသက်ခိုင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။