အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိ၊ လူနေအိမ်အချို့နှင့် မူလတန်း(လွန်)ကျောင်းဆောင်တစ်ခုပျက်စီး

အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိ၊ လူနေအိမ်အချို့နှင့် မူလတန်း(လွန်)ကျောင်းဆောင်တစ်ခုပျက်စီး


Ministry of Information/ Naypyitaw / July 04, 2024
image_latest


နေပြည်တော် ဇူလိုင် ၄

အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အရပ်သား ပြည်သူများနေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် ရပ်ကွက်(၁)၊ နယ်မြေ(၃)အတွင်းသို့ လည်းကောင်း၊ ရပ်ကွက်(၁၀)နီလာလမ်းပေါ်သို့ လည်းကောင်း၊ ရပ်ကွက်(၅)၊ နယ်မြေ(၁)ရှိ ပန်အုပ်ဘုန်းကြီးကျောင်းဝန်းအတွင်းသို့လည်းကောင်း၊ ရပ်ကွက်(၄)၊ နယ်မြေ(၃)အတွင်းသို့လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၁၂) နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ယနေ့တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများသည် လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ရပ်ကွက် (၉)၊ နယ်မြေ (၃) စိန်ပန်းလမ်းရှိ လူနေအိမ်များပေါ်သို့လည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်တွင် ရပ်ကွက်(၉)၊ နယ်မြေ (၁) စံပယ်လမ်းရှိ လူနေအိမ်များပေါ်သို့ လည်းကောင်း၊ နံနက် ၁၀ နာရီခွဲခန့်တွင် ရပ်ကွက်(၉)၊ နယ်မြေ(၁) ကြံတိုင်းအောင်လမ်းပေါ်ရှိ လူနေအိမ်များပေါ်သို့ လည်းကောင်း ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် အဆိုပါဒဏ်ရာရရှိသူများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများသည် နံနက် ၁၁ နာရီခန့်တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ (၂) အတွင်းရှိ အမှတ်(၁၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး စာသင်ဆောင်များ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် လားရှိုးမြို့ရှိ လူနေရပ်ကွက်များအတွင်းသို့ ဇူလိုင်လ ၃ ရက်နေ့မှစ၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယနေ့အထိ အပြစ်မဲ့ပြည်သူ အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးငယ် ၃ ဦး၊ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး ပြည်သူအချို့ ပြင်းထန်စွာထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့ပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် တိုက်ပွဲများဖော်ဆောင်ခြင်းများ လုပ်ဆောင်မှုကြောင့် မြို့၊ ရွာများရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူများက ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။