အကြောင်းကိစ္စတစ်ခုကို မတူညီတဲ့အမြင်တွေနဲ့ ဦးတည်ဖြေရှင်းနေမယ့်အစား စုစုစည်းစည်းနဲ့ ဆွေးနွေးအဖြေရှာတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာလည်း အနာဂတ်မှာတာဝန်ယူရမယ့်လူငယ်တွေရဲ့အားနဲ့ အတွေးသစ်၊ အမြင်သစ်တွေနဲ့ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်(မောင်ရှိုင်းမင်းထက်)

အကြောင်းကိစ္စတစ်ခုကို မတူညီတဲ့အမြင်တွေနဲ့ ဦးတည်ဖြေရှင်းနေမယ့်အစား စုစုစည်းစည်းနဲ့ ဆွေးနွေးအဖြေရှာတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာလည်း အနာဂတ်မှာတာဝန်ယူရမယ့်လူငယ်တွေရဲ့အားနဲ့ အတွေးသစ်၊ အမြင်သစ်တွေနဲ့ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်(မောင်ရှိုင်းမင်းထက်)


Ministry of Information/ Naypyitaw / January 14, 2026
image_latest


အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်၊ ခန့်မှန်းအားဖြင့် ၁၈ ဒသမ ၃ သန်းကျော်ရှိသည့် လူငယ်လူ့စွမ်းအားအရင်းအမြစ်ကို မေ့ထား၍မရပေ။ ထို့အတူ နိုင်ငံ့အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ရမည်မှာလည်း လူငယ်များပင်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအပါအဝင် နိုင်ငံတော်ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍစုံတွင် လူငယ်များ၏သဘောထား၊ ဆန္ဒများဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးကို အလေးထားဖော်ဆောင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူငယ်များ၏သဘောထား၊ ဆန္ဒများစွာထင်ဟပ်စေမည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ကို နေပြည်တော်၌ သုံးရက်တာကျင်းပလျက်ရှိရာ နိုင်ငံတစ်ဝန်းမှ ပါဝင်တက်ရောက်ကြသည့် လူငယ်တိုင်းရင်းသားညီအစ်ကို၊ မောင်နှမများ၏ ရင်တွင်းစကားသံများကို စုစည်းဖော်ပြလိုက်ပါသည်-

မအေးသဇင်အောင်

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် လူငယ်ကိုယ်စားလှယ်

လူငယ်တွေရဲ့ အခန်းကဏ္ဍက နိုင်ငံတော်တည်ဆောက်ရေးမှာ အင်မတန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံ့လူဦးရေမှာ လူငယ်ဦးရေဟာ အများအပြားပါဝင်နေပါတယ်။ ဒါကြောင့် လူငယ်တွေရဲ့အားနဲ့ နိုင်ငံအတွက် အရွေ့တစ်ခုကိုဖန်တီးကြရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်မတို့နိုင်ငံမှာ မငြိမ်းချမ်းတဲ့နေရာတွေရှိပါတယ်။ အဲဒါကြောင့် လူငယ်အများစုက မျှော်လင့်ချက်တွေ၊ အခွင့်အလမ်းတွေ မဲ့နေကြပါတယ်။ အခက်အခဲတွေကြောင့် ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ကို မစဉ်းစားနိုင်ဖြစ်နေကြပါတယ်။ လူငယ်အများစုက ကိုယ်ပိုင်တိုးတက်မှုလမ်းကြောင်းကိုပဲရှာဖွေပြီး ပြည်ပကိုထွက်ခွာသွားနေကြတဲ့အတွက် နိုင်ငံတော်အတွက် လူငယ်အရင်းအမြစ်တွေဆုံးရှုံးရပါတယ်။ ဒါကြောင့် လူငယ်တွေ ပိုမိုပါဝင်ဆောင်ရွက်လာစေနိုင်တဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍ၊ လူငယ်တွေရဲ့အသံတွေ ထင်ဟပ်စေတဲ့ ဖိုရမ်တွေကို မကြာခဏ ကျင်းပသင့်တယ်လို့ ထင်ပါတယ်။

ဒီဖိုရမ်တွေကို တက်ရောက်တဲ့ လူငယ်တွေကလည်း ကိုယ့်ဒေသကို ပြန်လည်ရောက်ရှိတဲ့အခါ ကိုယ့်ဒေသမှာ ထပ်ဆင့်မျှဝေတာတွေ၊ အတွေ့အကြုံရှင်းလင်းဆွေးနွေးတာတွေ ပြုလုပ်သင့်ပါတယ်။ အဲဒါမှ လူငယ်တွေအားလုံးက အသိပညာ၊ ဗဟုသုတတွေရရှိပြီး နိုင်ငံတော်တည်ဆောက်ရေးတွေမှာ ပါဝင်လာကြမှာဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော်ကလည်း လူငယ်တွေ ပိုပြီးအလေးထား ဆောင်ရွက်လာတာ တွေ့ရပါတယ်။ လူငယ်တွေက နောင်တစ်ချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေ ဖြစ်လာကြမှာဖြစ်တဲ့အတွက် ဒီလိုအခမ်းအနားတွေ၊ ဖိုရမ်တွေမှာ ရင်းနှီးခွင့်ပေးလာတာကို လူငယ်တစ်ဦးအနေနဲ့ ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို တိုင်းရင်းသားပေါင်းစုံကို စုစည်းတွေ့ဆုံမှုတွေကနေ ပြည်ထောင်စုသား အချင်းချင်းရင်းနှီးချစ်ကြည်မှု၊ အပြန်အလှန်လေးစားမှုတွေ ပိုမိုတိုးတက်ရရှိစေပါတယ်။

မောင်ကျော်လှိုင်း

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် လူငယ်ကိုယ်စားလှယ်

နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိပါတယ်၊၊ အခုလိုလူငယ်တွေအတွက် ဖိုရမ်တွေကျင်းပပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်။ အခုလိုဖိုရမ်တွေကတစ်ဆင့် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ကျောင်းပညာရေးသာမက အသိအမြင်ဗဟုသုတတွေ၊ နိုင်ငံရေးအမြင်တွေ ရရှိလာကြပါတယ်။ နိုင်ငံတော်အဆင့်အခမ်းအနားတွေ၊ ဖိုရမ်တွေမှာ လူငယ်တွေကို ဦးဆောင်ပါဝင်ခွင့် ပေးတာက လူငယ်တွေကို မျှော်လင့်ချက်အင်အားတွေ ဖြစ်စေပါတယ်။ လူငယ်တွေရဲ့စုစည်းအားနဲ့ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးချင်တဲ့ စိတ်ဆန္ဒတွေ ခံစားဖြစ်ပေါ်စေပါတယ်။ အခုလို လူငယ်တိုင်းရင်းသား အားလုံးတပေါင်းတစည်းတည်း အတူပါဝင်ခွင့်ရတဲ့ ဖိုရမ်ဖြစ်တဲ့အတွက် လူငယ်တွေက နိုင်ငံအတွက် အရေးကြီးတယ်၊ လူငယ်တွေရဲ့အား လိုအပ်တယ်ဆိုတာကို ပိုပြီးပေါ်လွင်စေပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ လူငယ်တွေအတွက် ဒီလိုအခမ်းအနားတွေ မကြာခဏပြုလုပ်ပေးပါလို့ တိုက်တွန်းပါတယ်။

မောင်ရှိုင်းမင်းထက်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နေပြည်တော် လူငယ်ကိုယ်စားလှယ်

ကျွန်တော်တို့နိုင်ငံမှာ မငြိမ်းချမ်းတဲ့နေရာဒေသတွေ ရှိနေပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ မငြိမ်းချမ်းတဲ့ဒေသကလာတဲ့ သူတွေရှိပါတယ်။ အခု ဒီလူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်က ငြိမ်းချမ်းဖို့အတွက် အထောက်အကူပြုစေမယ့်နည်းလမ်းတွေ၊ အသိပညာတွေရရှိစေမယ်လို့ ထင်မြင်ယူဆမိပါတယ်။ ကျွန်တော်ကစိုက်ပျိုးရေး ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် တောင်သူတွေခံစားနေရတဲ့ အိုးအိမ်ဆုံးရှုံးမှုနဲ့ မြေယာဆုံးရှုံးမှုတွေကို သူတို့နဲ့ထပ်တူခံစားပြီး သူတို့အတွက် ပိုကောင်းတာတွေ လုပ်ပေးနိုင်ဖို့အတွက် လူငယ်တစ်ဦးရဲ့ စကားသံအဖြစ် ဒီဖိုရမ်မှာပါဝင်ဆွေးနွေးသွားဖို့ ရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ လူငယ်တွေ ဒီလိုနိုင်ငံတော်အဆင့်စုစုစည်းစည်းဆုံတွေ့ကြပြီး လူငယ်တွေရဲ့ အသိအမြင်တွေကို ဖလှယ်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ တိုင်းရင်းသားအစုံ၊ ဒေသအစုံက လူငယ်တွေနဲ့ တွေ့ဆုံခွင့်ရတာဖြစ်လို့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့အတွေးအခေါ်တွေကို ဖလှယ်ခွင့်ရတယ်။ အသိပညာဗဟုသုတတွေ တိုးပွားစေပါတယ်။ အကြောင်းကိစ္စတစ်ခုကို မတူညီတဲ့အမြင်တွေနဲ့ ဦးတည်ဖြေရှင်းနေမယ့်အစား စုစုစည်းစည်းနဲ့ ဆွေးနွေးအဖြေရှာတဲ့အခါ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာလည်း အနာဂတ်မှာ တာဝန်ယူရမယ့် လူငယ်တွေရဲ့အားနဲ့ အတွေးသစ်၊ အမြင်သစ်တွေနဲ့ အဖြေရှာကြည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဖိုရမ်တွေ များများကျင်းပပေးဖို့ နိုင်ငံတော်အကြီးအကဲတွေကို တောင်းဆိုချင်ပါတယ်။

မနွေနွေဇော်

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းပညာရေးတက္ကသိုလ် လူငယ်ကိုယ်စားလှယ်

အခုကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ်ဟာ လူငယ်တွေမှာရှိတဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ဖော်ထုတ်ခွင့်ရရုံသာမက လူမှုဆက်ဆံရေးကိုပါ ပိုမိုအားကောင်းလာစေနိုင်ပါတယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးနဲ့တွေ့ဆုံခွင့်ရတဲ့အတွက် သူတို့မှာရှိတဲ့ အတွေးအမြင်အယူအဆတွေ၊ စိတ်ကူးတွေကိုပါ သိရှိဖလှယ်ခွင့်ရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးဖလှယ်မှုတွေကနေ နားလည်မှု၊ ရင်းနှီးမှုပိုမိုရရှိစေပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်း ခံစားမိပါတယ်။ ဒါကြောင့် လူငယ်တွေကို ဒီလိုတက်ရောက်ခွင့်၊ တွေ့ဆုံဆွေးနွေးခွင့်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ လူငယ်တစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံအတွက်ကောင်းတာတွေကို ဖန်တီးပေးချင်ပါတယ်။ ဒါဟာ လူငယ်တိုင်းရဲ့ ဆန္ဒလည်းဖြစ်ပါတယ်။ ဒီဆန္ဒတွေအားလုံးစုစည်းပြီး နိုင်ငံအတွက် ကောင်းတဲ့ရလဒ်တွေရရှိမယ်လို့ ယုံကြည်ပါတယ်။

မဖြိုးသီရိကျော်

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(နေပြည်တော်) လူငယ်ကိုယ်စားလှယ်

ဒီနေ့ကျင်းပတဲ့ လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်ကနေ လူငယ်တစ်ယောက်အနေနဲ့ အနာဂတ်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခွင့်ရမလဲ၊ လူငယ်အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ကူညီပေးချင်တဲ့အတွက် တက်ရောက်တာဖြစ်ပါတယ်၊၊ လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်ပွဲဖြစ်တဲ့အတွက် တက္ကသိုလ်ပေါင်းစုံ၊ နယ်မြေပေါင်းစုံလူငယ်ပေါင်းစုံနဲ့ စုစုစည်းစည်းတွေ့ဆုံရတဲ့ပွဲဖြစ်တဲ့အတွက် အတွေ့အကြုံတွေ အများကြီးရရှိမယ်လို့ ထင်မြင်မိပါတယ်၊၊ လူငယ်တွေအခန်းကဏ္ဍက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့အခန်း ကဏ္ဍမှာရှိနေပါတယ်။ ဒီနေ့တာဝန်ထမ်းဆောင်နေတဲ့ လူကြီးတွေနေရာမှာ လူငယ်တွေက နောင်တစ်ချိန်မှာ ပြောင်းလဲတာဝန်ယူရမှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ အနာဂတ်မှာ ဆက်လက်ဦးဆောင်သွားရမှာဖြစ်တဲ့အတွက် အခုလို လူငယ်တွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးတာဟာ နိုင်ငံအတွက် တစ်ဆင့်ရှေ့တိုးတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဖိုရမ်မှာဆွေးနွေးကြမယ့် ခေါင်းစဉ်တွေအပေါ်မူတည်ပြီး ပါဝင်ဆွေးနွေး သွားဖို့ရှိပါတယ်၊၊ ဖိုရမ်ကနေတစ်ဆင့် လူငယ်တစ်ဦးအနေနဲ့ ဆန္ဒပြုချင်တာက ဒီနေ့ကျင်းပတဲ့ ဖိုရမ်လိုမျိုးအပြင် လူငယ်တွေခေါင်းစဉ်အမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုးကနေပါဝင်ပြီး နိုင်ငံ့အကျိုးဆောင်ရွက်နိုင်အောင် စီမံပေးစေလိုပါတယ်။

J Fire

နိုင်ငံကျော်တေးသံရှင်

လူငယ်နဲ့ငြိမ်းချမ်းရေးဖိုရမ်ကို ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ်။ လူငယ်ဆိုတာက နိုင်ငံ့အနာဂတ်အတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုက ပါဝင်နေတဲ့အတွက် အားတက်သရော ပါဝင်တက်ရောက်တာဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း လူငယ်တွေက နောင်တစ်ချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် နိုင်ငံရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ တာဝန်ယူဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ လူငယ်တွေရဲ့ ဆောင်ရွက်ချက်တွေ၊ တီထွင်ဖန်တီးမှုတွေ၊ လေ့လာမှုတွေက အရေးကြီးပါတယ်။

အခုလို နိုင်ငံတော်က လူငယ်တွေအများကြီးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဖိုရမ်တွေ ဆောင်ရွက်ပေးတာက လူငယ်တွေအတွက် အများကြီးအထောက်အကူပြုပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက တက်ရောက်လာတဲ့လူငယ်တွေကလည်း အသိပညာ၊ ဗဟုသုတတွေ အချင်းချင်းဖလှယ် ဆွေးနွေးခွင့်ရတယ်။ နိုင်ငံ့အနာဂတ်အတွက် မှန်ကန်တဲ့လမ်းကြောင်း တွေချမှတ်ပြီး ပိုကောင်းအောင်ဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်။ ဒီလိုဖိုရမ်တွေကတစ်ဆင့် လူငယ်တွေဟာ အချင်းချင်းနားလည်မှုတွေ တည်ဆောက်ကြရမှာပါဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေဖြစ်တဲ့ ညီလေး၊ ညီမလေးတို့ကို ဆန္ဒပြုချင်တာရှိပါတယ်။ အရာအားလုံးမှာ အရေးကြီးဆုံးက စိတ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကို ထိန်းသိမ်းနိုင်ဖို့ အရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများတဲ့ခေတ်မှာ စိတ်ပိုင်းဆိုင်ရာ တိုးတက်နေဖို့ လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ဖို့၊ သတိနဲ့ထိန်းသိမ်းနိုင်ဖို့အတွက် အားကစားလုပ်တာ၊ တရားထိုင်တာ စတာတွေကိုလည်း ပြုလုပ်သင့်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ အရာတွေကို နေ့စဉ်ဘဝမှာပြုလုပ်ရင်း ကိုယ့်အတွက်၊ နိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ဘဝကို တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ဗိုလ်မှူးကြီး ဝဏ္ဏအောင်(အဖွဲ့ဝင်)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ဆွေးနွေးပွဲမှာ သီးခြားရွေးချယ်ထားတဲ့ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေနဲ့ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အလွှာအသီးသီးက လူငယ်ကိုယ်စားလှယ်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေက စေတနာ့ဝန်ထမ်းလူငယ်တွေ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ NGO လူငယ်ကွန်ရက်အဖွဲ့တွေက လူငယ်တွေ၊ တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးက လူငယ်ကိုယ်စားလှယ်တွေ၊ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လူငယ်ကိုယ်စားလှယ်တွေ၊ JMC က လူငယ်ကိုယ်စားလှယ်တွေ၊ နယ်စပ်ဒေသတွေက တိုင်းရင်းသားလူငယ်တွေနဲ့ စာပေနှင့် ဂီတ အနုပညာရှင် လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

ဖိုရမ်မှာလူငယ်တွေက “ငြိမ်းချမ်းရေးအသိပညာများ၊ အတွေ့အကြုံများ လက်ဆင့်ကမ်းခြင်း”၊ “လက်နက်ကိုင်ပဋိပက္ခရပ်တန့်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေး”၊ “လူမှု ရေး၊ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာမြှင့်တင်ခြင်းနဲ့ အားကစားအစီအစဉ်များ”၊ “စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ နည်းပညာအခြေပြု စီးပွားရေးဆိုင်ရာများ”၊ “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး”၊ “လူငယ်နဲ့ နည်းပညာသက်ရောက်မှုများ” စတာတွေကို ဆွေးနွေးကြမယ်။ ဆွေးနွေးပွဲမှုတွေအပြင် လျှပ်တစ်ပြက်ပြိုင်ပွဲတွေနဲ့ ဆုချီးမြှင့်ခြင်းတွေ၊ လူငယ်ထုအတွက် လျှပ်တစ်ပြက်စစ်တမ်း၊ ဆန္ဒကောက်ယူခြင်းတွေ ဒါတွေကိုလည်း ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ဖိုရမ်ကနေ လူငယ်တွေရဲ့ အမြင်သဘောထား၊ အကြံပြုချက်တွေ၊ ဘက်ပေါင်းစုံမှ ချဉ်းကပ် နိုင်မယ့်အခြေအနေတွေကိုသိရှိပြီး လူငယ်တွေရဲ့စိတ်ဓာတ်နဲ့ စွမ်းအားတွေကို အကောင်းဆုံးသောပုံစံတွေနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်တွေမှာ ပေါင်းစပ်ထည့်သွင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်

ဓာတ်ပုံ - အောင်ပြည့်စုံ

HOT NEWS
January 4,