အခြားနည်းအသုံးပြုခွင့်ရရှိထားသည့် မြေများ၌ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသူများကို စနစ်တကျ စိစစ်သွားကြရမည်
အခြားနည်းအသုံးပြုခွင့်ရရှိထားသည့် မြေများ၌ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသူများကို စနစ်တကျ စိစစ်သွားကြရမည်
Ministry of Information/ Naypyitaw / January 04, 2022
ပဲခူး ဇန်နဝါရီ ၃
လယ်ယာမြေမှအပ ဥယျာဉ် ခြံမြေများ၊ ကိုင်းမြေများ၊ ယာမြေများနှင့် အခြားမြေများအား အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများအပေါ် မိမိတို့အစိုးရအဖွဲ့က ဥပဒေ၊ နည်းဥပဒေနှင့် အညီ ခွင့်ပြုချထားပေးရာတွင် စိုက်ပျိုးနိုင်သောမြေဧရိယာများ လျော့နည်းမှုမရှိစေရေး အနည်းဆုံး ဧရိယာကိုသာ ခွင့်ပြုချထားပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ပြောကြား
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ယနေ့နံနက်ပိုင်း တွင်ကျင်းပသည့် ပဲခူးတိုင်းဒေသ ကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) တွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြားနည်း အသုံးပြုခွင့်ရရှိထားသည့် မြေများ၌ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် ခြင်းမရှိသူများကို စနစ်တကျ စိစစ်သွားကြရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ Town Plan ရေးဆွဲရာတွင် တစ်ပါတည်း ထည့်သွင်းရေးဆွဲသတ်မှတ်ထားရန်နှင့် အဆိုပါ ဧရိယာအတွင်း၌သာ စက်မှုလုပ်ငန်းများ စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ သစ်တောမြေများအတွင်း ကျူးကျော်မှုများ မရှိစေရေး အလေးထားကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လယ်မြေများပေါ် ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောင်ရွက်ထားသည့် မည်သည့် လုပ်ငန်းကိုမျှ ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း ရပ်ကွက်နှင့် ကျေးရွာများအထိ သိရှိစေရေး ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ ရရှိနိုင်ရေး အားနည်းခွင့်ပြုမိန့်များကို သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စက်မှုစီးပွားဂရန်လျှောက်ထား ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန် ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်စာရင်းအင်းဦးစီး ဌာနမှူး က တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလျှောက်ထားလာသည့် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် အမှုတွဲ(၁၅)တွဲနှင့် အယူခံမှု သုံးတွဲတို့ကို ရှင်းလင်းတင်ပြရာတိုင်းဒေသကြီး လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်