အစားအသောက်ကွင်းဆက်တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းဆောင်ရွက်

အစားအသောက်ကွင်းဆက်တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024
image_latest


အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် မိတ်ဆက်ဖြန့်ဝေခဲ့ရာ ယင်းမူဝါဒပါအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပခဲ့သည်။ ယင်းမူဝါဒရေးဆွဲချမှတ်ရခြင်းမှာ ပြည်သူလူထု၏ ကျန်းမာရေးအတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတကာနှင့်လျော်ညီသည့် စံချိန်စံညွှန်းများပေါ်ထွက်လာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာရေး၊ ပို့ကုန်လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေပိုမိုရရှိရေး ဆက်လက်လုပ်ဆောင်သွားနိုင်ရေးဟူသည့် မျှော်မှန်းချက်များပါဝင်သည်။

ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသည့် အစားအစာများဟုဆိုရာတွင် ၎င်းအစားအစာများသည် လတ်ဆတ်မှုမရှိခြင်း၊ သက်တမ်းလွန်နေခြင်း၊ အစားအစာတွင် ပါဝင်နေသည့် ပစ္စည်းတစ်ခုခုကြောင့် ဓာတ်မတည့်ခြင်း၊ မှိုနှင့်ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များပါဝင်နေခြင်း၊ ဓာတ်ဆေး၊ ဆိုးဆေး၊ ပဋိဇီဝဆေးနှင့် ဖြည့်စွက်ဆေးများ၊ တာရှည်ခံဆေးများ၊ ပိုးသတ်‌ဆေးဓာတ်ကြွင်းများ ပါဝင်နေခြင်း၊ အစားအစာတွင် (ချိတ်၊ အပ်၊ ဖန်ကွဲ မှန်ကွဲစ၊ ဖုန်၊ အမှိုက်၊ ပိုးဟပ်) စသည့် ပြင်ပအရာဝတ္ထုများပါနေခြင်း စသည်တို့ဖြစ်ပြီး စားသုံးမိပါက မူးဝေပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အစာအဆိပ်သင့်ခြင်းတို့ကို လတ်တလောခံစားကြရပြီး ရေရှည်တွင်လည်း ကင်ဆာကဲ့သို့ရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ ဘေးကင်းလုံခြုံသည့် အစားအစာများသည် အထက်ဖော်ပြပါ ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ်များ ကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးအတွက် အရေးကြီးသည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုမှသည် တည်ခင်းစားသုံးမှုအထိ အစားအသောက်ကွင်းဆက်တစ်လျှောက်တွင် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးတို့က ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “တိုးတက်လာသည့် လူဦးရေ၊ ဖွံ့ဖြိုးလာသည့် နည်းပညာများကြောင့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် အစားအသောက်များ လွန်စွာများပြားလာသည့်အတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်း‌ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရာတွင် များစွာအခက်အခဲရှိကြောင်း၊ အစားအသောက်စိုက်ပျိုးထုတ်လုပ်မှုမှသည် စားသုံးသည်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အလေ့အကျင့်ကောင်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

စိုက်ပျိုးမွေးမြူထုတ်လုပ်မှုမှသည် တန်ဖိုးမြှင့်စားသောက် ကုန်‌ချောများ ထုတ်လုပ်သည်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပသို့တင်ပို့ရာတွင်လည်း ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံကာ အစားအစာထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ အဆင့်တိုင်းတွင် လိုက်နာဆောင်ရွက်ရန်လိုသကဲ့သို့ မိမိနိုင်ငံသို့ တင်သွင်းလာသည့် စားသောက်ကုန်များကိုလည်း ဈေးကွက်မတင်မီရော ဈေးကွက်တွင်ပါ စိစစ်ခြင်းဖြင့် အစားအသောက် မလုံခြုံမှုကြောင့်ဖြစ်သည့် ဘေးအန္တရာယ်မှ မိမိနိုင်ငံသားများ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,