အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် သတ်မှတ်
အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက် ပြန်အစားထိုးရန် သတ်မှတ်
Ministry of Information/ Naypyitaw / December 21, 2024
နေပြည်တော် ဒီဇင်ဘာ ၂၁
နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ အောက်ပါရုံးဖွင့်ရက်များကို တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်သည်-
(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (စနေနေ့)၊ ၂၉ ရက် (တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့) နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)၊
(ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် (တပေါင်းလပြည့်နေ့)၊ ၁၅ ရက် (စနေနေ့) နှင့် ၁၆ ရက် (တနင်္ဂနွေနေ့) တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့၏ ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)၊
(ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် (စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့) နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)၊
(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက် (တနင်္ဂနွေနေ့) တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)။
အထက်ပါပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံးစနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်သည်။ ပထမရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက်ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက် (စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက် (စနေနေ့) နှင့် မတ်လ ၂၉ ရက် (စနေနေ့)၊ တတိယရုံးပိတ်ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက် (စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။