အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး  


Ministry of Information/ Naypyitaw / June 02, 2023
image_latest


နေပြည်တော် ဇွန် ၁

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်၌  တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းမြတ်ရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA)၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)တို့မှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စများကို ရှင်းလင်းဆွေးနွေးပြီး ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စနှင့် မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံး အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေးကိစ္စများကိုလည်း နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့ကြသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဇွန်လ ၂ ရက်နေ့တွင် ဆက်လက် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။