အသိပညာဗဟုသုတမျိုးစုံ တစ်စုတစ်စည်းတည်းလေ့လာနိုင်မည့် လူငယ်နှင့်စာပေအနုပညာပြပွဲသို့ လာရောက်လေ့လာကြသူများ၏ ရင်တွင်းခံစားစကားသံများ
အသိပညာဗဟုသုတမျိုးစုံ တစ်စုတစ်စည်းတည်းလေ့လာနိုင်မည့် လူငယ်နှင့်စာပေအနုပညာပြပွဲသို့ လာရောက်လေ့လာကြသူများ၏ ရင်တွင်းခံစားစကားသံများ
Ministry of Information/ Naypyitaw / December 28, 2022

နေပြည်တော် ဒီဇင်ဘာ ၂၇
လူငယ်နှင့်စာပေအနုပညာပြပွဲကို ဒီဇင်ဘာ ၂၆ ရက်မှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိသည်။
အဆိုပါ ပွဲတော်ကြီးတွင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်စာပေဆိုင်ရာအကြောင်းအရာများ၊ အနုပညာရပ်ဆိုင်ရာ အကြောင်းအရာများပါဝင်သည့် ပြခန်းပေါင်း ၆၀ ကျော်ပါဝင်ပြသထားပြီး နိုင်ငံ၏ ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို သိရှိနိုင်စေမည့် ရုပ်ရှင်ဇာတ်ကားကောင်းများကိုလည်း ထည့်သွင်းပြသလျက်ရှိရာ စိတ်ပါဝင်စားစွာဖြင့် စိတ်အားထက်သန်စွာလာရောက်လေ့လာကြသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ ရင်တွင်းခံစားချက်များကို အများပြည်သူ သိရှိနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။
ကိုဝင်းဆန်း
(ပုသိမ်ထီးဆေးရောင်ခြယ်သူ)
ဒီလိုပြပွဲကြီးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရဲ့ လက်မှုပညာရပ်တစ်ခုဖြစ်တဲ့ ပုသိမ်ထီးကိုပြပွဲလာရောက်တဲ့ သူတွေရှေ့မှာလက်တွေ့ဆေးရောင်ခြယ် ပြမှာဖြစ်ပါတယ်။ ပုသိမ်ထီးတစ်လက်ရရှိဖို့ အရိုးတံကို အချောသပ်၊ ပိတ်စကပ်ပြီးရင်တော့ ထီးတစ်လက်ရရှိပါပြီ။ အဲဒီထီးပေါ်မှာ ကျွန်တော်က ပန်းပွင့်ပုံ၊ ပန်းချီပုံလေးတွေ ဆွဲပါတယ်။ ဆွဲတဲ့ ပန်းချီစုတ်တံလေးတွေကလည်းမတူပါဘူး။ ကျွန်တော့်အသက် ၁၀ နှစ်သားလောက်ကတည်းကစပြီး ဒီပန်းချီကိုဆွဲခဲ့တာဖြစ်ပါတယ်။ ဒီအလုပ်က ကျွန်တော့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ် ဖြစ်ပါတယ်။ ပုသိမ်ထီးတွေမှာ အလှဆောင်း ထီး၊ ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီးဆိုပြီး ရှိပါတယ်။ အခု နောက်ပိုင်းမှာတော့ ဆိုင်ခန်းတွေမှာ အလှဆင်တာလည်းရှိပါတယ်။ ရှင်ပြုမင်္ဂလာပွဲတွေမှာလည်း အသုံးပြုကြပါတယ်။
ဒီလိုပြပွဲကို လာရောက်ခွင့်ရတဲ့အတွက် ကြည်နူးဝမ်းသာမိပါတယ်။ ဒီပုသိမ်ထီးဆေးရောင်ခြယ်လုပ်ငန်းကို ကျွန်တော် အသက်ရှိနေသရွေ့လုပ်သွားမှာပါ။ တပည့်လေးတွေကိုလည်း လက်ဆင့်ကမ်း ပညာကုန်သင်ကြားပေးပါတယ်။ ကျွန်တော့်တပည့်လေးတွေကိုလည်း နောင်အနာဂတ်ကလေးတွေကိုဆက်လက်ပြီး လက်ဆင့်ကမ်းပါလို့မှာကြားဖြစ်ပါတယ်။ ဒီပညာကို သင်ကြားခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိသလိုသင်ကြားပေးခဲ့တဲ့ ဆရာကိုလည်း အမြဲတမ်းကျေးဇူးတင်ပါတယ်။ အခုဒီလိုခမ်းနားတဲ့ပွဲကို တက်ရောက်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာကြည်နူးဖြစ်မိပါတယ်။
မောင်ဇော်လျှံဖြိုး (ကျောင်းသား၊ အထက -၅၊ နေပြည်တော်)
လူငယ်နဲ့ စာပေအနုပညာပြပွဲမှာ ကျွန်တော့်အနေနဲ့ ဖျော်ဖြေရေးကဏ္ဍကနေ ပါဝင်ဆင်နွှဲသွားမှာဖြစ်ပါတယ်၊ ပြခန်းတွေမှာလည်း အင်ဂျင်နီယာပိုင်းနဲ့ သက်ဆိုင်တာတွေပါဝင်ပါတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ အင်ဂျင်နီယာ(မြို့ပြ)ပိုင်းကိုစိတ်ဝင်စားလို့ ပိုပြီးလေ့လာဖြစ်ပါတယ်။ နောက်ပြီးရေကြောင်း၊ လေကြောင်းနဲ့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေကိုလည်း လေ့လာ ဖြစ်ပါတယ်။ ဒီလိုပြပွဲတွေကျင်းပပေးတဲ့အတွက် အနာဂတ်လူငယ်တွေအတွက် ကောင်းကျိုးများစွာရရှိစေပါတယ်။ လက်တွေ့ဆောင်ရွက်နေတဲ့လုပ်ငန်းအကြောင်းအရာတွေကို ထုတ်ဖော်ပြသပေးတဲ့အတွက် အကျိုးရှိပါတယ်၊ ဒီလိုပွဲမျိုးက ရှားရှားပါးပါးကြုံတောင့်ကြုံခဲ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲလည်းဖြစ်တဲ့အတွက် လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုပါတယ်။
မငွေဇင်သွန်း (ကျောင်းသူ၊ အထက-၂၂၊ နေပြည်တော်)
သမီးတို့က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားမှာစာလုံးသရုပ်ဖော် ကဏ္ဍကနေပါဝင်မှာဖြစ်ပါတယ်။ ဒီနေ့လို စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြပွဲပြုလုပ်ပေးတဲ့အတွက် ဗဟုသုတများစွာလည်းရရှိပါတယ်။ ဒီပြပွဲကိုရောက်တော့ မမြင်ဖူးတာတွေလည်းမြင်ရတယ်၊ လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့သူတွေရဲ့အကြောင်းတွေကို စာတွေပုံတွေနဲ့ ပြသထား တာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ နောက်ပြီးဂိမ်းတွေလည်း ဆော့ကစားဖို့ စီစဉ်ပေးထားတဲ့ အတွက်လည်း အလွန်ပျော်ရွှင်ရတယ်။ ဖြစ်နိုင်ရင် နောက်တစ်ခေါက်ထပ်ပြီးလာချင်ပါတယ်။ ဒီပွဲကိုကျင်းပပေးတဲ့သူများအားလုံးကို ကျန်းမာပါစေချမ်းသာပါစေလို့ သမီးကဆုတောင်းပေးပါတယ်။
ဦးထွန်းအေးခိုင် (စက်ရုံမှူး၊
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား)
ကျွန်တော်တို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေနဲ့ ရေဒီယို၊ Television ၊ virtual ပြခန်း၊ MRTV HD News Studio နဲ့ Online မှာ ပြသခဲ့တဲ့ သမိုင်းမှတ်တိုင်တွေကို ခင်းကျင်းပြသထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ထုတ်လွှင့်ခဲ့တဲ့သမိုင်းမှတ်တိုင်တွေ၊ လက်ရှိ မြန်မာ့အသံကပြသနေတဲ့ HD News Studioနဲ့ virtual Studio တွေကို လူငယ်တွေမျက်ဝါးထင်ထင် မြင်တွေ့သွားအောင်ပြသခြင်းဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ကျွန်တော်တို့ MRTV ရဲ့ သတင်းထုတ်လွှင့်တင်ဆက်နေမှုတွေ၊ ရေဒီယိုတင်ဆက်ထုတ်လွှင့်ပေးနေမှုတွေ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရေဒီယို၊ ရုပ်မြင်သံကြားလိုင်းတွေ လွှမ်းခြုံနေမှုတွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ လူငယ်တွေအတွက် အတွေ့အကြုံဗဟုသုတတွေရရှိတဲ့အပြင် လက်ရှိဝန်ကြီး ဌာနတွေမှာ လုပ်ငန်းတွေဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဦးဘုန်းဆက်ပိုင် (မြန်မာအမျိုးသား လေကြောင်းလိုင်း)
ကျွန်တော်တို့ မြန်မာ့လေကြောင်းပြခန်းမှာ လေကြောင်းလိုင်းမှာသုံးနေတဲ့ လေယာဉ်ပျံတွေ၊ ကျွန်တော်တို့နိုင်ငံကို ပြည်ပကနေဆင်းသက်ခဲ့တဲ့ လေကြောင်းလိုင်း ၄၀ နဲ့ အခုလက်ရှိဆင်းသက်နေတဲ့ လေယာဉ်ပျံပုံစံငယ် အရုပ်လေးတွေကို လေ့လာနိုင်ပါတယ်။ လူငယ်တွေ အခုလိုလာရောက် လေ့လာတဲ့အခါမှာ လေကြောင်းနဲ့ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားလာကြပါတယ်။ ဒါကြောင့် လေကြောင်းနဲ့သက်ဆိုင်တဲ့ လေယာဉ်မောင်းတဲ့အလုပ်၊ လေယာဉ်မှူးအလုပ်၊ လေကြောင်းထိန်းအလုပ်၊ လေယာဉ်မယ်နဲ့လေယာဉ်မောင်အလုပ်တွေကို ပိုပြီးလုပ်ချင်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီပြပွဲမှာပြကွက်ပေါင်းအများကြီးရှိတဲ့အတွက်ကြောင့် သိချင်တဲ့ဗဟုသုတပေါင်းစုံကို တစ်နေရာတည်းမှာစုစုစည်းစည်း လေ့လာလို့ရတဲ့အတွက် နိုင်ငံတော်ကိုကျေးဇူးတင်ပါတယ်။ နိုင်ငံတော်အဆင့်ပြုလုပ်တဲ့လူငယ်နှင့် စာပေအနုပညာ ပြပွဲမှာ ဝင်ရောက်ပြသခွင့်ရရှိတဲ့အတွက် မြန်မာ့လေကြောင်းအနေနဲ့ အင်မတန်ဂုဏ်ယူမိပါတယ်။
မထူးချွန်ထက်မြတ်စိုး
(ကျောင်းသူ၊ အ.ထ.က-၉၊ နေပြည်တော်)
အခုပြပွဲမှာ လေ့လာခဲ့တာကတော့ ယာဉ်ထိန်းအဖွဲ့ဝတ်စုံလေးတွေ၊ ကြီးမြတ်သောမြန်မာပြခန်းထဲမှာ ခင်းကျင်းပြသထားတဲ့အရာတွေကို လေ့လာခဲ့ပါတယ်။ ဉာဏ်စမ်းပဟေဠိကို သမီးတို့သူငယ်ချင်းသုံးယောက် ဖြေဆိုခဲ့ပါတယ်။ ဒီပြပွဲလာရောက်ရတဲ့အတွက် သမီးအနေနဲ့ပျော်ရွှင်ရပါတယ်။ စိတ်ထွက်ပေါက်လည်းရပါတယ်။ ဗဟုသုတတွေလည်းအများကြီးရပါတယ်။ ဒီလိုပြပွဲတွေလုပ်ပေးတဲ့အတွက် လူငယ်တွေအတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ စာအုပ်တွေလည်း အများကြီးရှိတဲ့အတွက်လည်း ဗဟုသုတတွေရရှိပါတယ်။ သူငယ်ချင်းတွေအနေနဲ့လည်း လာရောက်ပြီးတော့ လေ့လာစေချင်ပါတယ်။
မမိုးမမကျော် (ကျောင်းသူ၊ အ.ထ.က-၉၊ နေပြည်တော်)
သမီး ဒီနေ့လေ့လာခဲ့တာကတော့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဌာနဆိုင်ရာပြခန်း၊ ယာဉ်ထိန်းပြခန်းကို လေ့လာခဲ့ပါတယ်။ ယာဉ်ထိန်းအင်္ကျီဝတ်စုံ၊ ယာဉ်ထိန်းရဲမေဝတ်စုံတွေကို သဘောကျတဲ့အတွက် သမီးအနေနဲ့ ယာဉ်ထိန်းရဲမေလုပ်ချင်ပါတယ်။ အခုလို ပြပွဲကျင်းပပေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ ပျော်ရွှင်ရပါတယ်။ စာပေအတွက်လည်း အသိဗဟုသုတတွေရပါတယ်။ ကျောင်းတိုင်းလိုလို ဒီပွဲကို လာရောက်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
မလျှက်တွယ်တာ (ကျောင်းသူ၊ အ.ထ.က-၉၊ နေပြည်တော်)
အခုပြပွဲမှာ အများကြီး လေ့လာခဲ့ရပါတယ်။ ပို့ဆောင်ရေးကဏ္ဍနဲ့ သမိုင်းအကြောင်းအရာတွေဆို သမီးကစိတ်ဝင်စားတဲ့အတွက် ကြီးမြတ်သော မြန်မာရုပ်ရှင်နဲ့ ပြခန်းကိုသွားရောက် လေ့လာခဲ့ပါတယ်။ ကြီးမြတ်သော မြန်မာရုပ်ရှင်မှာဝတ်တဲ့ လက် ဝတ်လက်စားတွေ၊ စာအုပ်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သမိုင်းကြောင်းကို လူတွေကလေ့လာမှုနည်းပါးနေတယ်။ ဒါကြောင့် သူငယ်ချင်းတွေကို သမိုင်းကြောင်းနဲ့ ပတ်သက်ပြီးတော့ လေ့လာစေချင်ပါတယ်။ ဒီပြပွဲမှာသမိုင်းကြောင်းနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းပြသပေးထားတဲ့အတွက်လည်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။
မနှင်းဖူးအိမ် (ကျောင်းသူ၊ စံကိုယ်ပိုင်အထက်တန်းကျောင်း)
ပြပွဲမှာ ပြခန်းတွေအများကြီး လေ့လာပြီးပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနကပြသတဲ့ အသည်းနဲ့ပတ်သက်တာ၊ အဆုတ်နဲ့ပတ်သက်တာ၊ ဦးနှောက်သွေးယိုခြင်းနဲ့ ပတ်သက်တာတွေကို သေချာလေးလေ့လာဖြစ်ပါတယ်။ ဒီလိုမျိုးပြပွဲတွေလုပ်ပေးခြင်းဟာ သမီးတို့လိုလူငယ်တွေအတွက် အသိပညာဗဟုသုတတွေများစွာရရှိစေပါတယ်။ ကျောင်းမှာပဲဒီအတိုင်း ပညာသင်ကြားလေ့လာတာထက်စာရင် လက်တွေ့ ကိုယ့်ဘာသာကိုယ် သိရတာပိုကောင်းပါတယ်။ နောင်မှာလည်း ဒီလိုမျိုးပွဲတွေလုပ်ပေးဖို့မျှော်လင့်ပါတယ်။ ကျောင်းမှာ စာတွေနဲ့ပဲ အချိန်ကုန်နေရတဲ့အတွက် အခုလိုမျိုး အပြင်ထွက်ပြီးတော့လေ့လာရတဲ့အခါ စိတ်ပျော်ရွှင်လန်းဆန်းစေပါတယ်။
မောင်ကောင်းမြတ်ကျော်
(ကျောင်းသား၊ အ.ထ.က-၆၊ နေပြည်တော်)
အခုပြပွဲမှာ အသစ်အဆန်းတွေ လေ့လာခွင့်ရခဲ့ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ နည်းပညာပိုင်းတွေ ဖြစ်ပါတယ်။ ကျွန်တော် ကွန်ပျူတာကို စိတ်ဝင်စားတဲ့အတွက် နည်းပညာပိုင်းကို ပိုပြီးလေ့လာဖြစ်ပါတယ်။ ပြီးတော့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း စိတ်ဝင်စားပါတယ်။ ကျွန်တော့်ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ အိုင်တီပိုင်းဆိုင်ရာ စီးပွားရေး လုပ်ငန်းကို လုပ်ဆောင်ပါမယ်။ လူငယ်တွေအနေနဲ့ ဒီမှာပြသထားတဲ့နည်းပညာ အသစ်အဆန်းတွေကို လေ့လာခွင့်ရခဲ့တဲ့အတွက် အလွန်ကောင်းပါတယ်။ ကျောင်းစာအပြင်အခြားအရာတွေကို လေ့လာဖို့အတွက်လမ်းစဖြစ်ပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလိုပွဲမျိုး ဆက်လက်ဆောင်ရွက်ပေးဖို့ မျှော်လင့်မိပါတယ်။