အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၁/၂၀၂၄)ကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / May 29, 2024
image_latest


နေပြည်တော် မေ ၂၈

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဒေသဆိုင်ရာအေဂျင်စီဥက္ကဋ္ဌများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အတည်ပြုထုတ်ပြန်နိုင်ရေး

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပြဋ္ဌာန်းထားသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး(SME)ဥပဒေကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး(MSME)ဥပဒေအဖြစ် ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရန်အတွက် ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ပြီး ယခုနှစ်မကုန်မီ အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

MSME လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးရာတွင် ချေးငွေဆိုင်ရာ စံသတ်မှတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ရွေးချယ်ပြီး ထုတ်ချေးပေးနိုင်ရေးအတွက် ချေးငွေစိစစ်ရေးအဖွဲ့များကို ဒေသဆိုင်ရာအေဂျင်စီများ၏ ကြီးကြပ်မှုအောက်တွင် ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ထုတ်ချေးပေးမည့် ချေးငွေပမာဏသတ်မှတ်ချက်အနေဖြင့် အသေးစားလုပ်ငန်းများအတွက် ကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်းများအတွက် ကျပ်သန်း ၅၀ နှင့် အလတ်စားလုပ်ငန်းများအတွက် ကျပ်သန်း ၁၀၀ ထုတ်ချေးပေးရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် မေ ၁၇ ရက်အထိ MSME ချေးငွေလျှောက်ထားသူ ၁၇၅ ဦးရှိသဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ တစ်ဆင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်းသိရှိပြီး လိုအပ်ချက်များကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စနစ်တကျအကောင်အထည်ဖော်ရန် လိုအပ်သလို ဒေသဆိုင်ရာ MSME အေဂျင်စီများအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် ဒေသဆိုင်ရာ အေဂျင်စီများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများတင်ပြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ မှာကြားချက်များကိုလည်းကောင်း၊ ဒေသဆိုင်ရာ အေဂျင်စီဥက္ကဋ္ဌများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ချေးငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးရှင်းလင်းတင်ပြပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်