အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 04, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၃

အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးထွန်းအောင် က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါသော မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျား

စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က တော့ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဖြစ်ပါတယ်။ ကျွန်တော်တို့အာခါ တိုင်းရင်းသားများဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း သံလွင်မြစ်အရှေ့ခြမ်း ဒေသတွင်သာ ပျံ့နှံ့နေထိုင်လျက်ရှိသည့် လူမျိုးစုတစ်စု ဖြစ်ပါတယ်။ မိမိတို့ အာခါတိုင်းရင်းသားများဟာ ဝတ်စားဆင်ယင်မှု ရိုးရာဓလေ့ယဉ်ကျေးမှုအမွေ အနှစ်များကို ယနေ့ထိတိုင် ထူးထူးခြားခြား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော မျိုးနွယ်စုတစ်မျိုးဖြစ်ပါတယ်။ မိမိတို့ အာခါ တိုင်းရင်းသားလူမျိုးစု၏ အမျိုးသားရေးကို ဖော်ဆောင်သောအားဖြင့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျရောက်တိုင်း အာခါအမျိုးသားနေ့ကို ကျင်းပခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွှေရတုသဘင် အာခါအမျိုးသားနေ့တိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းရွှေရတုအာခါအမျိုးသားနေ့ကို ယခုနိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်မှ သဝဏ်လွှာပေးပို့ချီးမြှင့်ပြီး အာခါအမျိုးသားများ၏ အမျိုးသားရေး ဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုခဲ့ပါသည်။ မိမိလူမျိုးတို့၏ အမျိုးဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများဖြစ်သည့် ခါးထောင်းဖါးပွဲတော်၊ ဒန်းစီးပွဲတော်၊ ကြက်ဥနီပွဲတော်စသော ရိုးရာဓလေ့ကို အခြေခံသောပွဲတော်များ စဉ်ဆက်မပြတ် ဖော်ထုတ်ကျင်းပပေးခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။ ပါတီ ၏ဆောင်ပုဒ်၊ ပါတီ၏အလံ၊ ပါတီ၏အမှတ်တံဆိပ်တို့ကို ရှင်းပြပေးလိုပါတယ်။ 

ပါတီ၏ဆောင်ပုဒ်မှာ မိမိတစ်ဦးချင်းစီ၌ရှိသော အရည်အချင်းများကို စုပေါင်း၍ မိမိတို့ အမျိုးဂုဏ်ကို မြှင့်တင်ကြစို့ဟူ၍ ဖြစ်ပါတယ်။ အဓိပ္ပာယ် ကတော့ မိမိလူမျိုး မိမိဒေသနှင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်ဟု ဖော်ဆောင်ပါတယ်။ 

ပါတီ၏အလံမှာ အလယ်ဗဟိုတွင် အနီရောင်ရှိပြီး ပတ်ပတ်လည်မှာ ဝါ၊ စိမ်း၊ ဖြူ၊ ပြာ ဝန်းရံနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် နေမင်းကြီး ၏အောက်မှာ တန်းတူညီမျှအခွင့်အရေးရှိသည်ဟု ဖော်ဆောင်ပါတယ်။ 

ပါတီ၏ အမှတ်တံဆိပ်မှာ “ဒန်း” ပုံဖြစ်ပြီး အာခါရိုးရာဓလေ့မှ စည်းလုံး ညီညွတ်ခြင်းသို့ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ မဲဆန္ဒရှင်မိဘ ပြည်သူများခင်ဗျား နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံရေးပါတီများပေါ်တွင် များစွာမှီတင်းနေပါသည်ဟု သုံးသပ်ပါတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းများကသာလျှင် မိမိတို့ နေထိုင်ရာဒေသ အနှံ့အပြားရှိ အောက်ခြေလူထု အထိ ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံနိုင်သည်ဖြစ်၍ လူထု၏လိုအပ်ချက် မြေပြင်အခြေအနေမှန်များကို ထိတွေ့သိရှိနိုင်မည်ဖြစ်ပါတယ်။ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ စတင်ဖွဲ့ စည်းစဉ်ကတည်းကပင် မူဝါဒများချမှတ်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ မူဝါဒအချို့ကို တင်ပြရမည်ဆိုလျှင် အာခါအမျိုးသားရေး မိမိတို့ အာခါအမျိုးသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးစသည့် အခြေခံလိုအပ်ချက်များကို မိမိတို့ အာခါလူမျိုးများသာလျှင် ပိုမိုထိတွေ့သိရှိနိုင်ပြီး ပံ့ပိုးဆောင်ရွက်မှုအပိုင်းမှာ လည်း အာခါလူမျိုးများကသာ ပိုမိုကျယ်ပြန့်ထိရောက်စွာ တာဝန်ယူဆောင် ရွက်နိုင်မည်ဟုယုံကြည်ပါတယ်။ အာခါ အမျိုးသားများ၏ ရိုးရာဓလေ့ စာပေ၊ ယဉ်ကျေးမှု အနုပညာစသည်များကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်အတွက် အာခါလူမျိုး များသာလျှင် ဦးဆောင်နိုင်မည်ဟု ယုံကြည်ပါတယ်။ 

တိုင်းရင်းသားများအရေး ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်း သားလူမျိုးစု (၁၃၅) မျိုး စုပေါင်းမှီတင်း နေထိုင်ပါတယ်။ တိုင်းရင်းသားများ၏ ကဏ္ဍများတွင် လူမျိုးစုငယ်များ၏ တန်းတူညီမျှရေးအခွင့်အလမ်းများကို လည်း တိုင်းရင်းသားများ အချင်းချင်းကသာလျှင် ပိုမိုနားလည်ထိတွေ့ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ တပ်မတော် တိုင်းရင်းသားလူမျိုးစုအားလုံး ယုံကြည်မှု၊ နားလည်မှု အပြန်အလှန်တည် ဆောက်နိုင်မှ သာလျှင် အောင်မြင်နိုင်မည်ဟု ယုံကြည်ပါတယ်။

လူမျိုးစုများ၏ အမျိုးအမည် နေထိုင်ရာအရပ်ဒေသ ကွဲပြားခြားနားသကဲ့သို့ လူမျိုးစုတစ်မျိုးစီ မတူကွဲပြားသော နိုင်ငံရေးအယူဝါဒများကို သိရှိနားလည် အလေးထားမှသာလျှင် ၎င်းလူမျိုးစုအသီးသီး၏ ဂုဏ်ကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါတယ်။

ပြည်ထောင်စုအရေး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားရပါမည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်အရ တိုင်းရင်းသားလူမျိုးစုရေးရာ ကိုယ်စားလှယ်များသည် တိုင်းရင်းသား လူမျိုးစုများ၏ လိုအပ်ချက်များကို ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအဆင့် ဥပဒေပြုနိုင်သည့် ကိုယ်စားလှယ်များ အဖြစ် ပါဝင်နိုင်ရေး အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရည်မှန်းပါတယ်။ သို့မှသာပါတီစုံဒီမိုကရေစီ၏ အနက်အဓိပ္ပာယ် ကို ပြည့်စုံစေမှာ ဖြစ်ပါတယ်။ 

ပါတီစုံပါဝင်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ တပ်မတော်နှင့် နိုင်ငံရေးပါတီများ အပြန်အလှန်ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှု မူဝါဒကို အခြေခံမှသာလျှင်အောင်မြင်နိုင်မည်ဟု ယုံကြည်ပါတယ်။ 

တပ်မတော်၏ အခန်းကဏ္ဍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကမ္ဘာ့အလယ်မှာ ထည်ဝါစွာရပ်တည်နိုင်ရန် တိုင်းရင်းသားများ ငြိမ်းချမ်းရေး ရယူပြီး ထာဝရငြိမ်းချမ်းရေး အစဉ်တည်တံ့နိုင်ရန်အတွက် လည်းကောင်း၊ ပြည်ပရန်ကို ကာကွယ်ရန်အတွက်လည်းကောင်း၊ နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ရန်အတွက်လည်းကောင်း ခေတ်မီတပ်မတော်တည် ဆောက်ရမည်ဟု ယုံကြည် ပါတယ်။

ယနေ့ လတ်တလောဖြစ်ပေါ်နေသော ပြည်တွင်းအခက်အခဲများကို တပ်မတော်က အဓိကနေရာမှ တာဝန်ယူဆောင် ရွက်နေမှုအပေါ် တပ်မတော် အားတတ်စွမ်းသမျှ ကူညီဆောင်ရွက်မှုများပြုလုပ်ပြီး အချိန်တိုအတွင်း အေးချမ်းမှသာလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။ လက်ရှိနိုင်ငံတော်၏ အခြေအနေအရ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရရှိနိုင်ရန် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၌ တပ်မတော်သည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်ရမည် ဟု ယုံကြည်ပါတယ်။

လုပ်ငန်းစဉ် အာခါတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွား ညီနောင် သားချင်း တိုင်းရင်းသားလူမျိုးစုများနှင့်အတူ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူလက်တွဲပြီး လိုအပ်သောပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရန် ဦးတည်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံကျသော အခြေခံစစ်တမ်းကောက်ယူခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုံးသပ်ခြင်း၊ မဟာဗျူဟာနှင့်နည်းဗျူဟာများ ရေးဆွဲခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းများကို စနစ်တကျအဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ပါမည်ဟု ချမှတ်ထားသကဲ့သို့ ပါတီစတင် ဖွဲ့စည်းစဉ်ကတည်းက ယနေ့ချိန်အထိ အာခါတိုင်းရင်းသားများ၏ နိုင်ငံရေးကဏ္ဍ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လူမှုရေးနှင့် စီးပွားရေးကဏ္ဍ များကို မပြတ်မလပ်ဖော်ဆောင်လျက်ရှိပါတယ်။ 

မဲဆန္ဒရှင်မိဘပြည်သူများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသား ညီနောင်များ ခင်ဗျား အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီသည် (၂ဝ၂၅)ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ကိုယ်စားလှယ် လောင်း(၁၅)ဦး ပါဝင်အရွေးကောက်ခံ သွားမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်ကို တစ်ထောင့် တစ်နေရာမှ ဖော်ဆောင်မည်ဖြစ်သော အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီအား အာခါတိုင်းရင်းသားများနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တိုင်းရင်းသားညီနောင်မဲဆန္ဒရှင်များ “ဒန်း” ပုံကို ထောက်ခံမဲပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။ 

ငြိမ်းချမ်းကြပါစေ။

ပါတီ၏သီချင်းစာသား 

ခေမာရဌ် ဌာနေ မှ အာခါတိုင်းရင်းသား နှစ်သစ်ကူး

“ရွှေရတု” သဘင်ပွဲတော်

တေးရေး - အောင်လွင်ငြိမ်း       တေးဆို - လီဂါ၊ ထက်အောင်၊ အားဒို၊  အားဗြ၊ ဘူးညာ့၊ ဘူးဘာ့

ဒီဇင်ဘာမြူနှင်းတွေကျ.. ချယ်ရီပန်းဖူးပွင့်စ

နံနက်ခင်းမိုးသောက်မှာ..မြူးကြွတဲ့ ဗုံမောင်းတီးသံ 

V1- အားမာန်တွေနဲ့ ရှမ်းအရှေ့ ခေမာရဌ်မြေက

                        အာခါသွေးချင်းတို့

                        စုပေါင်းနှစ်သစ် ကူးတဲ့ပွဲ

                        ရွှေရတု

                        သဘင်ပွဲတော်အမျိုးသားနေ့

                        ရက်မြတ်ချိန်ခါ...

V2-                   သမိုင်းအစဉ်အလာ

                        ဘိုးဘွားအမွေပါ

                        အာခါယဉ်ကျေးမှုဓလေ့ ရိုးရာ.. 

                        ညီညွတ်မှုနဲ့ တို့တတွေ

                        အမြတ်တနိုး ထိန်းသိမ်းလို့နေ

                        အသီးတစ်ရာ အညှာတစ်ခု ၁၉၇၅-အစပြု

                        နှစ်၅၀-သို့တိုင်လာ မော်ကွန်းသစ်တင် ဟိုး

                        ရွှေရတုသဘင်ပွဲတော် 

Cho... 

-           လာပါ လာပါ ဟေ့ မိတ်ဆွေတို့ရာ

            ချယ်ရီမြေမှ ဖိတ်ခေါ်လျက်ပါ.. 

            ရွှေရတုသဘင်-နှစ်သစ်ကူးပွဲကို အရောက်လာခဲ့ပါ

-           လာပါ လာပါ ဟေ့ အမျိုးဆွေတို့ရာ အာခါရိုးရာစုံ

            အောင်မြင်တွေ့ရမှာ..ရိုးသားတဲ့တောင်ပေါ်သူတို့

            အလှ ချစ်စရာ.. 

-           ရောင်စုံမီးများနဲ့ မြူနှင်းကြားက ဆောင်းညမှာ.. 

            အတူကရင်းနွှဲပျော်ကြစို့..ရင်ထဲ

            အမြဲသတိရ နေမှာပါ... 

[အိမ်အပြန် အမှတ်တရ လက်ဆောင်ဝယ်ရင်း..

(အာခါလို နှုတ်ဆက်ကြမယ် "နီဆားအိုလူ" ချမ်းမြေ့ပါစေ)

“နှစ် (၅ဝ)ရွှေရတုသဘင် ”

 

တေးရေး - ဆရာအားချေး တေးဆို - လီဂါ၊ ထက်အောင်၊ အားဒို၊   အားဗြ၊ ဘူးညာ့၊ ဘူးဘာ့

V1:       ကောင်းကင်မြေကြီး ဖန်ဆင်းရာဝယ် 

            ကောက်ပဲသီးနှံ ဖန်ဆင်းလို့ကွယ် 

            အမျိုးဘာသာ ထွန်းကားစေရေး 

            ရိုးရာဓလေ့ ထိန်းသိမ်းစို့လေ 

V2:       စည်းလုံးခြင်းဖြင့် နှစ်သစ်ကူးရင်း 

            အာခါအမျိုးသားနေ့ အစပြုတယ်လေ 

            ဘိုးဘွားတို့အား အစဉ်အောက်မေ့ကြ 

            ဦးဆောင်သူတို့အား လေးစားကြ 

CHO:   နှစ်ပေါင်းငါးဆယ်ပြည့်မြောက်လေပြီ 

                        ရွှေရတုသဘင်ပြည့်လေပြီ 

                        အာခါအမျိုးသားနေ့အား ဂုဏ်ပြုကြ

                        အာခါအလံအား အလေးပြုကြ 

                        ကောင်းကင် မြေကြီးတည်နေသရွေ့ 

                        နေနှင့် လမင်း တည်ရှိနေသရွေ့ 

                        အာခါအမျိုးသားနေ့ကို အောက်မေ့ကြ 

                        အာခါအမျိုးသားနေ့ကို နှလုံးသွင်းကြ 

V3:       အာခါအမျိုးသား စည်းလုံးမယ်လေ 

            အာခါအမျိုးသား ညီညွတ်မယ်လေ အမျိုးသားအရေး ဝန်ဆောင်မယ်လေ 

            အမျိုးသားတာဝန်ထမ်းဆောင်စို့လေ 

“ဆန္ဒမဲပေးကြစို့ ”

တေးရေး - ယာထွန်း(ခ)ယားဝန်း တေးဆို- ယာထွန်း(ခ)ယားဝန်း၊ ဘူးဘာ့

V1:                   အာခါအမျိုးသားတို့ မဲသွားပေးကြစို့ 

                        အာခါအမျိုးသားတို့ ဒန်းပုံ ဒန်းပုံကို မမေ့နဲ့နော် 

                        အာခါအမျိုးသားတို့ သွေးစည်းကြစို့ 

                        အာခါအမျိုး ဆယ်နွှယ်ရှိလည်း တစ်အူထုံဆင်းပါ 

CHO:   လူကြီးလူငယ်သွေးစည်း လက်တွဲလို့ရှေ့သို့ချီ 

                        ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နှလုံးသွင်းလို့ 

                        အာခါအမျိုးသားတို့ အောင်ပွဲဆင်ရမည် 

V2:                   အာခါအမျိုးသားတို့ သွေးစည်းကြပါစို့ 

                        နယ်ခြားမြေခြားနေထိုင်ရသော်လည်း အာခါသွေးချင်းတွေပါ 

                        အာခါအမျိုးသားတို့ သွေးစည်းကြစို့ 

                        အာခါအမျိုး ဆယ်နွှယ်ရှိလည်း တစ်အူထုံဆင်းပါ 

                        အမျိုးသားတာဝန် ထမ်းဆောင်ကြစို့လေ......

HOT NEWS
January 4,