အာရှဖလား ဖူဆယ်ခြေစစ်ပွဲတွင် အိန္ဒိယကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာဖူဆယ်အသင်း နှစ်ပွဲဆက်အနိုင်ရ

အာရှဖလား ဖူဆယ်ခြေစစ်ပွဲတွင် အိန္ဒိယကို ဂိုးပြတ်အနိုင်ယူပြီး မြန်မာဖူဆယ်အသင်း နှစ်ပွဲဆက်အနိုင်ရ


Ministry of Information/ Naypyitaw / October 10, 2023
image_latest


ရန်ကုန် အောက်တိုဘာ ၉

၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စု(E)ဒုတိယနေ့ကို အောက်တိုဘာ ၉ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက အိန္ဒိယအသင်းကို ငါးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့သည်။

မြန်မာအသင်းသည် ယခုပွဲအနိုင်ရခဲ့သဖြင့် နှစ်ပွဲဆက်အနိုင် ရလဒ်နှင့်အတူ ခြေစစ်ပွဲအောင်မြင်ရန် နီးစပ်လာခဲ့သည်။ ပထမပွဲတွင် တာဂျစ်ကစ္စတန်ကို ဂိုးပြတ်အရေးနိမ့်ထားသည့် အိန္ဒိယအသင်းသည် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းသော်လည်း ရှုံးပွဲဆက်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို မျိုးသက်အောင်က နှစ်ဂိုး၊ သိုင်းဘွဲ့အောင်နှင့် လှိုင်မင်းထွန်းတို့က တစ်ဂိုးစီသွင်းယူပြီး ကျန်တစ်ဂိုးမှာမူ အိန္ဒိယကစားသမား ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၁၁ ရက်တွင် အိမ်ရှင် တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ၍ ကျင်းပနေပြီး ထိပ်ဆုံးရှစ်သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံး ခုနစ်သင်း၊ စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ရဲရင့်လွင်

ဓာတ်ပုံ-MFF