အွန်လိုင်းငွေကြေးလိမ်လည်မှုအကြောင်း ဥပဒေရေးရာသိကောင်းစရာ အသိပညာမျှဝေပွဲ ဥပဒေရေးရာဝန်ကြီးဌာနတွင် ကျင်းပ

အွန်လိုင်းငွေကြေးလိမ်လည်မှုအကြောင်း ဥပဒေရေးရာသိကောင်းစရာ အသိပညာမျှဝေပွဲ ဥပဒေရေးရာဝန်ကြီးဌာနတွင် ကျင်းပ


Ministry of Information/ Naypyitaw / December 05, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၄

အွန်လိုင်းငွေကြေးလိမ်လည်မှုအကြောင်း ဥပဒေရေးရာသိကောင်းစရာများနှင့်စပ်လျဉ်း၍ အသိပညာမျှဝေပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း အမှုထမ်းတက်ရောက်ကြသည်။

ဦးစွာ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းအောင်က အွန်လိုင်းငွေကြေးလိမ်လည်မှုအကြောင်း သိကောင်းစရာများ ဆွေးနွေးတင်ပြရာ အသိပညာမျှဝေပွဲကျင်းပရသည့် အကြောင်းရင်း၊ တွေ့ရှိရသည့် အွန်လိုင်းအသုံးပြုလိမ်လည်မှုပုံစံများ၊ အွန်လိုင်းအသုံးပြု ငွေကြေးလိမ်လည်မှုဖြစ်စဉ်နမူနာများ၊ အွန်လိုင်းအသုံးပြုငွေကြေးလိမ်လည်မှု မခံရစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ လိမ်လည်ခံရပါက ဆောင်ရွက်နိုင်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးချက်များအရ မိမိ၏ Online Banking Account , Pay Account (K Pay, AYA Pay,Wave Pay စသည်)တို့မှ ငွေကြေးလိမ်လည်ရယူခံရမှုမရှိစေရေးအတွက် မိမိမသိသောသူ၊ မိမိနှင့် သိသူဟုဟန်ဆောင်သူကပေးပို့သော Links များသို့ဝင်ရောက်ခြင်း၊ Applications များကို Download ပြုလုပ်ခြင်း၊ မိမိ၏ User Name, Password, OTP Code တို့ကို ပေးပို့မျှဝေခြင်းမပြုရန် လိုအပ်ကြောင်း၊ Online တွင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် ငွေပေးချေရာတွင် ငွေလက်ခံရယူမည့်သူနှင့်ပတ်သက်၍ စိစစ်သတိပြုရန်လိုအပ်ကြောင်း၊ ငွေလက်ခံရယူမည့်သူသည် အမှန်တကယ်အရောင်းအဝယ်ပြုလုပ်သူ၊ ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းလုပ်ကိုင်သူ အစစ်အမှန်မဟုတ်ပါက လွှဲပြောင်းသော ငွေဆုံးရှုံးမှုဖြစ်ပေါ်နိုင်ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်သူများသည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် မှတ်ပုံတင်ထားသော Sim Card၊ အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အခြားသူ၏အမည်ဖြင့် လိမ်လည်မှတ်ပုံတင်ထားသော ဖုန်းအမှတ်ဖြင့် ဖွင့်လှစ်ထားသည့် Pay Account (K Pay, AYA Pay,Wave Payစသည်)ကို အသုံးပြု၍ လိမ်လည်ရယူလေ့ရှိသဖြင့် မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားသော Sim Card ၊ မိမိအမည်ဖြင့် ရေးဖွင့်ထားသော Account တို့၏ လုံခြုံရေးကို ဂရုပြုထိန်းသိမ်းရန်လိုအပ်ကြောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားသော Sim Card, Account တို့ကို ပြန်လည် ရောင်းချခြင်းကြောင့် အွန်လိုင်းငွေကြေးလိမ်လည်သူက လိမ်လည်ရယူသည့်ဖြစ်စဉ်တွင် အရေးယူခံရနိုင်သည်ကိုသတိပြုရန် လိုအပ်ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်ခံရပါက သက်ဆိုင်ရာရဲစခန်းနှင့် ဘဏ်၏ Hot Line ဖုန်းနံပါတ်သို့ ချက်ချင်းအသိပေးတိုင်တန်းရန် လိုအပ်ကြောင်း အသိပညာမျှဝေခဲ့သည်ဟု သိရသည်။

အဆိုပါ အသိပညာမျှဝေခြင်းသည် လက်ရှိအခြေအနေနှင့် လျော်ကန်မှုရှိသဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ကျန်ရှိသော ဝန်ထမ်းများအပြင် ဌာနဆိုင်ရာအသီသီးရှိ အရာထမ်း၊ အမှုထမ်းများကိုလည်း အွန်လိုင်းငွေကြေးလိမ်လည်မှုအကြောင်း ဥပဒေရေးရာသိကောင်းစရာများ ဆက်လက်မျှဝေမည့် အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်