ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ နောက်ဆုံးအဆင့်ဖြေဆိုယှဉ်ပြိုင်ပွဲကျင်းပ
ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ နောက်ဆုံးအဆင့်ဖြေဆိုယှဉ်ပြိုင်ပွဲကျင်းပ
Ministry of Information/ Naypyitaw / May 30, 2024
ရန်ကုန် မေ ၂၉
ဧကာဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ နောက်ဆုံးအဆင့် ဖြေဆိုယှဉ်ပြိုင်ခြင်းကို ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ယမန်နေ့က ကျင်းပသည်။
မေ ၂၆ ရက်က ပြုလုပ်ခဲ့သော မဟာဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ အလယ်တန်းဆင့်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ အောင်စာရင်းကိုကြေညာ၍ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲဝင် ခြောက်ဦးသည် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲဖိုင်နယ်အဆင့်ကို ယှဉ်ပြိုင်ကြသည်။
ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဖိုင်နယ်အဆင့် အမေး/အဖြေ ဖြေဆိုခြင်းဆိုင်ရာ(ပွဲစဉ်-၄)တွင် ပြိုင်ပွဲဝင် ခြောက်ဦးသည် စကားပြောစွမ်းရည်၊ ပါဠိရေးစွမ်းရည်နှင့် သာသနာတော်ဆိုင်ရာ အထွေထွေဗဟုသုတမေးခွန်းများကို ဖြေဆိုယှဉ်ပြိုင်ကြသည်။
မွန်းလွဲပိုင်းတွင် အလယ်တန်း(ဖိုင်နယ်ဆင့်) ဖြေဆိုပူဇော်ပွဲကို ဆက်လက်ကျင်းပ ပြီးနောက် အစီအစဉ်အရ အလယ်တန်း တစ်နိုင်ငံလုံးရမှတ်အများဆုံး ၂၀ ကိုလည်းကောင်း၊ မူလတန်း (စာဖြေဌာနအလိုက်) ပထမဆုရှင်တို့ကိုလည်းကောင်း ဂုဏ်ပြုလွှာနှင့် ဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် အလယ်တန်းဆင့်ပြိုင်ပွဲကြီး၏ ရလဒ်များကို ကြေညာပြီး အလယ်တန်းဆင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမ ဆုများအပါအဝင် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၂၆ ဦးနှင့် နည်းပြများကို ဆုချီးမြှင့်ကြောင်း သိရသည်။
အာကာလင်း
