ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဝါတွင်း(၃)လအသံမစဲအဘိဓမ္မာ(၇)ကျမ်း မဟာပဋ္ဌာန်းဒေသနာကျမ်းရွှေစာရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / July 26, 2024


ပုသိမ် ဇူလိုင် ၂၄ 

နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇ အမှူးပြု၍ အလှူရှင်များ စုပေါင်းကျင်းပသည့် (၂၁) ကြိမ်မြောက် ဝါတွင်း(၃)လ ရက်ပေါင်း ( ၉ဝ )၊ နေ့/ည အသံမစဲအဘိဓမ္မာ(၇)ကျမ်းပဌာန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျွေးရွာရှိ ရှင်စောမြတ်စေတီတော် ပရဝဏ်အတွင်း၌ပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ အသံမစဲ အဘိဓမ္မာ(၇)ကျမ်းပဌာန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ကြွရောက်ချီးမြှင့်တော်မူသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်းပဌာန်းဒေသနာကျမ်းရွှေစာ ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားဖွင့်ပွဲ  ကျင်းပပြုလုပ်ရာ အခမ်းအနား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပုဇွန်တောင်ဆရာတော်ဘဒ္ဒန္တပညာဓဇ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်မိသားစုများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပုဇွန်တောင်ဆရာတော်ဘဒ္ဒန္တပညာဓဇ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှင်စောမြတ်စေတီတော်မြတ်ကြီးအားဖူးမြော်ကြည်ညိုခဲ့ကြောင်းသိရသည်။