ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံမြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်


Ministry of Information/ Naypyitaw / September 19, 2024
image_latest


ဖျာပုံ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ဖွင့်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးတင်ဇော်ထွန်းတို့က တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူရည်ချွန်မောင်မယ်များ၊ ကျောင်းသား/သူများ ခြံရံလျက် ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွဲတော်ကျင်းပရာ ကျောင်း၏မြမဉ္ဇူခန်းမအတွင်းသို့ သွားရောက်၍ ကျောင်းသား/သူများ၏ “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်မှုနှင့် “နိုင်ငံတော်အကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယိုပြသမှုအား ကြည့်ရှု အားပေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပခြင်းသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများနှင့် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်မှ အလေ့အထ ဖြစ်ပေါ်လာစေရန်နှင့် စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားလာစေရန်စသည့် ရည်ရွယ်ချက်များနှင့် ပွဲတော်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျှင် စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည် အဓိကအရေးပါကြောင်း၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်နေမှလည်း ကျောင်းသား/သူများ၊ ပြည်သူများ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ အလွယ်တကူ ဆည်းပူးလေ့လာနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း တစ်နိုင်ငံလုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာတတ်သူတိုင်း စာဖတ်စေရေးတို့အတွက် အားလုံးကဆက်လက်စည်းရုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်အတွင်းရှိ စာကြည့်တိုက်(၁၂)တိုက်အတွက် စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက လက်ခံရယူခဲ့ပြီး ပွဲတော်တွင် သီဆိုဖျော်ဖြေကပြသည့် ကျောင်းသား/သူများအတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ရာ ခရိုင်ပညာရေးမှူး၊ ဦးဝင်းအောင်က လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပွဲတော်အတွင်း ကျောင်းသား/သူများ၏ဖျော်ဖြေမှုများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် “လှပသာယာ ပြည်မြန်မာ”နှင့် “ဖွံ့ဖြိုးဝေစည် ဧရာဝတီ” ဓာတ်ပုံပြခန်း၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား/သူများ၏ စာပေဖတ်ရှုလေ့လာနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် ပွဲတော်တွင် ပါဝင်အားဖြည့် ကူညီခဲ့ကြသည့် ဘင်ခရာ၊ ပန်းပွား၊ ကရင်ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စက်တင်ဘာ(၁၉)ရက် နေ့မှ(၂၀)ရက်နေ့အထိ (၂)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဆရာ/မများကလည်း တပျော်တပါး ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)